ကားအဖြူလေးက တန်ဖိုးကြီး တိုက်ခန်းတစ်ခုရှေ့တွင် ရပ်ခဲ့သည်။
ဆန်းဝန်းလည်း တစ်ဖက်လူကို ဆင်းလေဆိုသည့်ပုံစံ မျက်စပစ်ပြလိုက်သည်။
"ကော်ဖီလေးဘာလေး ဝင်မသောက်သွားတော့ဘူးလား"
"ခင်ဗျားနဲ့ ကျွန်တော်နဲ့က အခန်းလိုက်ပြီး ကော်ဖီသောက်ရမယ့် ဆက်ဆံရေးလား အီလီယိုရှီး.. နောက်လည်း ထပ်မတွေ့ချင်တော့လို့ ကျွန်တော့်ကိုတွေ့ရင်တောင် မမြင်ချင်ယောင် ဆောင်သွားပေးပါ"
ထိုအခါမှ ထိုလူက တစ်ချက်ပြုံးကာ ကားပေါ်မှ ဆင်းသွားသည်။
မဝင်သေးပဲ ကားမှန်ကနေ ကိုယ်ကို အသာကိုင်းကြည့်ကာ
"အီဆန်းဝန်းလေးက အရင်လို မလိမ္မာတော့ဘူးပဲ ဘယ်လိုလုပ်ရမလဲ မင်းရဲ့ပုံစံအသစ်ကိုလည်း စိတ်ဝင်စားမိသား"
ဆန်းဝန်း ဒေါသထွက်စွာ ကားကိုအရှိန်တင်ပြီး မောင်းထွက်လာခဲ့သည်။
"အရူးကြီး အရူးကြီး"
---------------------------------------------------------
"အဲ့တော့ ဒီနေ့ အီလီယိုနဲ့ ပြန်တွေ့ခဲ့ပြီးတော့ သူ့ကို အိမ်တောင်ပြန်ပို့ပေးလိုက်ရသေးတယ် အဲ့လိုလား"
"ဟုတ်တယ်လို့ ဟုတ်တယ်"
ဂွန်နူးနဲ့ facetime ပြောရင်း လက်ထဲက ခေါင်းအုံးကိုလည်း တစ်ဘုန်းဘုန်း ထိုးနေခဲ့သည်။
"မင်းဟာကြီးကလည်း မဟုတ်သေးပါဘူး ကိုရီးယားကားကြီး ကျလို့"
"ကိုရီးယားကားဆိုရင်တောင် သူနဲ့တော့ မင်းသားမဖြစ်ချင်ဘူး ဗီလိန်ပဲ လုပ်ပစ်မယ်"
ပြောနေရင်းဖြင့် နေ့လယ်က သူ့ကိုစနောက်သွားပုံကို ပြန်တွေးမိကာ မခံမရပ်နိုင်အောင် ဒေါသထွက်မိသည်။
အရင်က အီဆန်းဝန်းလေးလို့ ခေါ်ရင် အရမ်းသဘောကျတတ်ပြီး တစ်ခစ်ခစ်ရယ်ခဲ့ဖူးသည်။ အခုတော့ မျက်ခွက်ကို ဆင့်ထိုးချင်စိတ်သာ ရှိသည်။
ပြန်တွေ့လို့ကတော့လား.. ဘာလို့ပြန်တွေ့ရမှာလဲ မတွေ့ဘူး တစ်သက်လုံး..။
ဂွန်နူးနဲ့ ဖုန်းပြောပြီးတော့ မျက်နှာသစ်၊ သွားတိုက် skincare လုပ်ကာ mask တစ်ခုကပ်ပြီး ဖုန်းကြည့်ရန် အိပ်ယာပေါ်ကို ပြေးမှောက်လိုက်သည်။
