ပူလွန်းတဲ့ စက်တင်ဘာလမှာ မနက်ခင်းဖြစ်သော်ငြားလည်း ခံစားရသည့်နေ၏အရှိန်အဝါဟာ နောက်စရာတော့ ဟုတ်မနေ။
တတိယနှစ် စီးပွားရေးကျောင်းသားဆိုပေမဲ့ အတန်းမတက်ချင်တာကြောင့် အရိပ်ရသည့် သစ်ပင်အောက်တွင် မနေ့ညကအပြီးမသတ်ရသေးသည့် စာအုပ်ကို လွယ်အိတ်ထဲမှထုတ်ကာ ဖတ်နေလိုက်သည်။
ဘယ်သူမှ နှောင့်ယှက်လို့မရတဲ့နေရာ၊ တိတ်ဆိတ်တဲ့နေရာမှာ စာအုပ်ဖတ်ရတာဟာ အီဆန်းဝန်းအတွက် အနှစ်သက်ဆုံးအပန်းဖြေခြင်းပင်။
လက်ထဲက ကော်ဖီအေးကို သောက်လိုက်, မျက်မှန်လေးပင့်တင်လိုက်၊ စာမျက်နှာတစ်ခုဖတ်ပြီးတိုင်း စာရွက်လှန်လိုက်နှင့် အလုပ်ရှုပ်နေရင်း ဆန်းဝန်းရယ်သံခပ်ကျယ်ကျယ်ကို ကြားလိုက်ရသည်မို့ စာအုပ်ထဲနစ်ဝင်နေသည့် ခေါင်းကလေးထောင်ကာ ရယ်သံပိုင်ရှင်ကိုလိုက်ရှာမိသည်။
အနှောင့်အယှက်ဖြစ်တာရယ်ကြောင့်မဟုတ်ဘဲ ဒီအတိုင်းရယ်သံပိုင်ရှင်ကို တွေ့ချင်ရုံသက်သက်...
နေရောင်ဖျဖျဟာ မျက်နှာပေါ်ကျရောက်နေပြီး အပြာရောင်တီရှပ်နဲ့ ဘောင်းဘီအမဲရောင်ခပ်ပွပွကို ဝတ်ဆင်ထားသူဟာ ဘေးကလူကိုထိရင်း ရယ်နေသည်။ လေအဝေ့မှာ နဖူးပေါ်ကဆံပင်တချို့ဟာ လှုပ်ခတ်သွားပြီး မျက်နှာချောချောဟာ ဆန်းဝန်းမြင်ကွင်းမှာ ပိုလို့ထင်းလာတော့သည်။
ရယ်နေပုံ ပြုံးနေပုံကို ဆန်းဝန်းတောင် မသိလိုက်ဘဲ ငေးကြည့်နေမိခြင်းမှာ ထိုလူထသွားသည်အထိ။
ချိုချိုအေးအေးရယ်သံနှင့် မျက်နှာချောချောဟာ ဆန်းဝန်းရင်ထဲ စွဲကျန်ခဲ့တာကြောင့် ဆန်းဝန်းမှာ မေဂျာပေါင်းစုံ လိုက်ရှာမိသည်အထိ...
နောက်ဆုံးမှာတော့ ကွန်ပျူတာမေဂျာကမှန်းသိရပြီး, နာမည်မှာလည်း အီလီအိုမှန်းသိခဲ့ရသည်။ တစ်တန်းကြီးတဲ့ စီနီယာပေမဲ့ အငယ်လေးတွေနဲ့လည်း တပူးပူးတတွဲတွဲနေတတ်သည့်အပြင်၊ အတန်းကြီးတဲ့သူတွေနှင့်လည်း ပုခုံးဖက်ပေါင်းပြန်သည်။
ဆန်းဝန်းမှာ ဟျောင်းမသိအောင် လိုက်ကြည့်ရတာ ဘွဲ့ရတဲ့အထိပင်, ဘွဲ့ရတော့လည်း ဟျောင်းအကြောင်းတွေ အမြဲမပြတ် စုံစမ်းခဲ့ရသည်။
