ဆောင်းရာသီရဲ့အအေးဓာတ်ဟာ မနက်ခင်းနေထွက်လာတာနဲ့အမျှ အနည်းငယ်နွေးလာပေမဲ့, အပူချိန်ဟာ ပြောင်းလဲသွားခြင်းမရှိ။
အခန်းငယ်လေးထဲ Design ဆွဲနေတဲ့လီအိုဟာ Heater ရဲ့အပူချိန်ကြောင့် နွေးနွေးထွေးထွေးရှိနေသည်။ ရစ်နေတဲ့ client ကြောင့် ညကတစ်ရေးမှမအိပ်ရသေးတဲ့အပြင် မနက်ကို design အကြမ်းပို့တော့လည်း နောက်ခံအရောင်အနုအပေါ် စာလုံးအနုပဲသုံးချင်နေတာကြောင့် လီအိုမှာ ခေါင်းကိုက်လာသလို။
အခန်းထဲမှထွက်လာကာ ကော်ဖီတစ်ခွက်ထဖျော်ပြီး အခန်းထဲက ဝရံတာမှ အပြင်ဘက်ကနေထွက်လာပုံကို ကော်ဖီသောက်ရင်း ကြည့်နေမိသည်။
မြူတွေဆိုင်းနေတဲ့အရာမှ တိုးထွက်လာသည့်နေရောင်နုနုကို မြင်ရသည့်အခါ ဘာရယ်မဟုတ် ဆန်းဝန်းကို သတိရလာသည်။
ရည်းစားသက်တမ်းအကြာဆုံးလို့ ပြောရလောက်တဲ့ ၅လအထိတွဲပြီးပြတ်သွားခဲ့တဲ့ ရည်းစားဟောင်းကြောင့် လီအိုအသဲကွဲနေခဲ့တာအတည်, မစားနိုင်မသောက်နိုင်နှင့် move on ရတာ တစ်နှစ်လောက်ကြာခဲ့ပြီး အခုမှနေသားကျလာခြင်း။
ဒီလိုမြူဆိုင်းပြီး အမှောင်ထုထဲကဘဝမှာ နေသားကျနေတဲ့သူက ဆန်းဝန်းနဲ့တွေ့ဆုံရတယ်ဆိုတာ သူ့ဘဝအတွက်အလင်းရောင်လေးကို ဖမ်းမိလိုက်သလိုပင်။
နာရီကိုကြည့်လိုက်တော့ မနက်၇နာရီမို့ ဖုန်းကိုထုတ်ကာ ဆန်းဝန်းဆီဆက်လိုက်သည်။ တတူတူမြည်နေတဲ့အသံနောက်မှာတော့ အင်း,အဲ ပြုကာထူးလာတာမို့ လီအိုပြုံးလိုက်မိသည်။
"နိုးပြီလား ကောင်ငယ်လေး"
"အင်း ဟျောင်းအစောကြီးနိုးနေတာလား?"
"ဟျောင်းက မအိပ်ရသေးတာ"
"လုပ်ပြန်ပြီ! အိပ်တဲ့အချိန်တော့အိပ်ရမှာပေါ့! အလုပ်က ဟျောင်းကျန်းမာရေးထက် အရေးကြီးနေလို့လား?!"
တစ်ဖက်က တဂျီဂျီဆူတဲ့အခါ လီအို့မျက်နှာမှာ အပြုံးခပ်ကြီးကြီးပေါ်လာတော့သည်။
"ဟုတ်ပါပြီ ဟျောင်းအိပ်ပါ့မယ်, အလုပ်ပြီးရင်ပေါ့"
ဆန်းဝန်းက 'ဟွန့်' ခနဲအသံပြုကာ သူစိတ်မကြည်ကြောင်းပြလာတဲ့ လီအိုမှာ ပြုံးမိပြန်သည်။ ဒီကောင်လေးက ဘယ်အတိုင်းအတာအထိ ချစ်ဖို့ကောင်းနေဦးမှာပါလိမ့်နော်။
