ကလပ်မှာရန်ဖြစ်ကာလူမိုက်လုပ်လာသူလေးကို ကုတင်ပေါ်တွင်တင်ထားတော့ ကုတင်ခေါင်းရင်းကိုမှီလျက် တင်ပျဥ်ခွေထိုင်ရင်း အမူးမပြေသေးသူကမျက်လုံးကိုမှိတ်ထားကာငိုက်နေသည်မှာ သူဆူပူသမျှကိုအရေးမစိုက်တာသိသာလွန်းလှသည်။
သူကတော့ထိုကလေးရဲ့အရှေ့မှာဝင်ထိုင်၍ငိုက်နေသူကိုမေးဖျားမှဆွဲကာမော့ထားရင်းဆေးထည့်ပေးနေရသည်။
နုနုဖက်ဖက်မျက်နှာမှာဒီလိုဒဏ်ရာတွေရလာတာလောက်ဂျောင်ဂုဒေါသဖြစ်တာမရှိ။ ဒီလူဆိုးလေးကတော့ဆူတာကိုပဲအပြစ်မြင်ပြီးသူ့ဂရုဏာတွေကိုတော့တစ်ခါမှမြင်အောင်မကြည့်တတ်ပေ။
"အာ့! စပ်...တယ်"
မျက်လုံးကိုမှိတ်ထားရင်းငြီးငြူနေသူကြောင့် စိတ်တိုနေရာမှသနားစိတ်ကအလေးပိုရပြန်သည်။ ဒီချာတိတ်နဲ့တော့ခက်ရချည်ရဲ့။
"မင်းကကိုယ့်စကားဆိုဘယ်တော့မှနားမထောင်ဘူး...ကိုယ်ဆူတာပဲမင်းကသိတာ...ဘာလို့ဆူလည်းမသိဘူး"
"တစ်လမ်းလုံးပြောလာတာမမောသေးဘူးလားဗျာ...ကျွန်တော်စိတ်ညစ်လာပြီ"
ဂျွန်ထယ့်မှာ မိဘတွေမရှိတော့တာမလို့အသနားစိတ်ကလေးဖြင့်အလိုလိုက်လွန်းထားတော့သိပ်ဆိုးတတ်သည်။
"ကဲ...ပြီးပြီ"
အသိပေးလိုက်သည်နှင့်အနောက်ကိုလှန်ချလိုက်သူကြောင့်ခေါင်းနောက်ကနေလက်ခံကာအမြန်တားလိုက်တော့ကျွန်ေတာ့်ကိုမျက်လုံးဖွင့်ကာဘာလဲဟူသည့်သဘောဖြင့် ပြန်ကြည့်သည်။
"မအိပ်နဲ့ဦး ခြေလက်တွေသွားဆေးဦး...သွား"
"တော်ပြီ လေးဂျွန်လုပ်ပေး"
သောက်တုန်းကသောက်ပြီးအခုမှကျွန်တော့်ကိုအားကိုးနေကာ အိပ်ယာထဲလဲချပစ်သည်။ ပြောလို့ဆိုလို့မကောင်းတဲ့တကယ့်လူဆိုးလေး။
"မင်းက ကလေးလား"
"ကလေးပဲ"
ကလေးဖြစ်ချင်ရင်လည်းသူပဲကလေး...လူကြီးဖြစ်ချင်ရင်လည်းသူပဲလူကြီး။ ပြောရင်လည်းနားငြီးတယ်ဆိုပြီးရစ်ဦးမည်။ လူကိုမကောင်းတဲ့သူဖြစ်အောင်ဒီကလေးသိပ်လုပ်တတ်သည်။
