အရှိန်အဟုန်နှင့်ဆောင့်ဝင်လာပြီး ပူခနဲ ဖြစ်သွားသည့် ခံစားမှုနှင့်တကွ အချိန်မနှောင်းသော နာကျင်မှုက တဆတ်ဆတ်ယမ်းခါလျက်ရှိသော ဘယ်ပုခုံးစွန်းမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ စီးဖြာနေခဲ့၏။
ငုံ့မကြည့်ဘဲနှင့်ပင် အသားစိုင်များ အစိတ်စိတ်အမွှာမွှာဖြစ်သွားခြင်းနှင့် တပွက်ပွက် ကျဆင်းလာသည့် ခပ်နွေးနွေးအပူရည်များက သပ်ရပ်စွာ ဝတ်ဆင်ထားသော အဖြူရောင်အတွင်းအင်္ကျီကို ရက်စက်စွာ အရောင်ပြောင်းလိုက်ပြီးဖြစ်ကြောင်း ဂျီအွန်း သတိထားမိခဲ့သည်။
ရှေ့တွင် မိုးမိုးမတ်မတ် ရပ်နေသော အနောက်တိုင်းဝတ်စုံဝတ် အမျိုးသား၏ အကြည့်တို့က သူ့ထံတွင်သာ အစုန်အဆန် ရစ်ဝဲလျက်ရှိသည်ကိုလည်း သူခံစားမိသည်။
"ငါ့ကိုလွှတ်ပေးပါ။ မင်း တစ်သက်လုံးမမြင်ရအောင် နေသွားပါ့မယ်။ ငါတောင်းပန်ပါတယ်"
ပုခုံးကဆိုးဝါးစွာ နာကျင်လွန်း၍ ဂျီအွန်း မျက်စိများ ပြာဝေစပြုလာသည်။ လက်ကျန်အင်အားနှင့် ဂျီအွန်း ပြောလိုက်သည်တွင် သွေးအေးအေးဖြင့် ကျောက်ရုပ်အလား တောက်လျှောက် ရပ်ကြည့်နေခဲ့သူက လှုပ်ရှားလာခဲ့သည်။
ထိုသူက မြေပြင်တွင် ဒူးထောက်အနေအထားဖြင့် မခိုင့်တခိုင် ရပ်တည်နေသော ဂျီအွန်းနှင့် အလွန်နီးကပ်စွာ ဒူးတစ်ဖက်ထောက် ထိုင်ချကာ ဂျီအွန်းမျက်နှာနှင့် တေ့တေ့ဆိုင်ဆိုင် ဖြစ်သွားအောင် ကြည့်လာ၏။
"ယုံပါတယ်။ ၁၀နှစ်ကျော် မမြင်အောင် ပုန်းနိုင်ခဲ့ပြီးသား။ အခုလည်း နည်းနည်းမှကို မျက်နှာချင်းမဆိုင်နေမှတော့ ဒီတစ်ခါ အလွတ်ပေးလိုက်ရင် တစ်သက်လုံး မမြင်ရအောင် နေသွားမှာကို ယုံပြီးသား။ ဒါပေမဲ့ ကျုပ်ဘက်ကို မကြည့်တော့ဘူးလား... ခင်ဗျား"
ဂျီအွန်းသည် ထိုသူအား အနည်းငယ်မျှတောင် မြင်ချင်စိတ်ရှိမနေသော်လည်း မေးဖျားမှ ဆွဲယူခံရ၍ မျက်လုံးချင်းဆုံစေသည့်အခါ မလွှဲရှောင်နိုင်တော့။
"မတွေ့ရတာ ဆယ်နှစ်တောင်ရှိပြီလေ ကိုကိုရာ။ ကိုကိုနဲ့ကျွန်တော့်ကြားမှာ ဖြစ်လို့ရတာတွေအများကြီးထဲမှာမှ ကိုကို ရော့ရှီးကို ရွေးချယ်သွားတုန်းကရော ဒီနေ့လို နေ့မျိုး ရောက်လာမှာကို ဘာလို့မစဉ်းစားခဲ့တာလဲ"
