လီချိန်ရှို့ နှာရှုံ့လိုက်ရင်း တုန်တုန်ယင်ယင်နှင့် ဖုန်းထဲမှ SIM ကို ဆွဲထုတ်လိုက်ပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။

ရှောက်ချွင်ရှင်သန်ခဲ့သမျှ ကာလပတ်လုံး တစ်ခါမှ ဒီလောက် စုတ်ပြတ်သတ်အောင် မနေခဲ့ဖူးပေ။

သူဘယ်လောက်ပဲဆိုးသွမ်းနေပါစေ သူ့အဖေရှေ့ မျက်နှာအောက်မချဘဲ ကလန်ကဆန်လုပ်နေခဲ့သည်။ ပြီးတော့ သူ့အဖေနှင့် သူ့အမကိုဆွမိပါက လီချိန်ရှို့ကံဆိုးရမည်ကို စိုး၍သာ သူမဖြစ်မနေ အိမ်ပြန်လိုက်ခဲ့ခြင်းဖြစ်သည်။

လီချိန်ရှို့နှင့်ခွဲခွာရသော မိနစ်တိုင်း စက္ကန့်တိုင်းသည် ဖြတ်သန်းရခက်ခဲလွန်းသည်။

လီချိန်ရှို့အခုနေများ ဘာလုပ်နေမလဲ သူမတွေးပဲမနေနိုင်။ သူ လီရှော့နှင့်များအတူရှိနေမလား။ သူတို့ ဘာပြောကြမလဲ။ ဘာလုပ်ကြမလဲ။ သူမမြင်ရတဲ့နေရာမှာ သူတို့ဘယ်လောက်တောင်ချိုမြိန်နေကြမလဲ။

ရှောက်ချွင်အထင် သူ့နှလုံးသားတစ်ခုလုံး ဗလာဖြစ်သွားပြီထင်သည်။

ဗိုလ်ကြီးရှောက်ကတော့ အခွင့်ရတိုင်း သားဖြစ်သူကို ဆုံးမနားချသည်။ အချိန်ရသည်နှင့် ရှောက်ချွင်အား ဆုံးမစကားဆိုသော်လည်း ရှောက်ချွင်က ရှိန်းကျန့်ပြန်မည့်အကြောင်းသာပြောနေ၍ အကြိမ်တိုင်းဆဲဆိုခံပြီးပြန်လာရသည်ချည်း။

ဗိုလ်ကြီးရှောက်သည် ငယ်ရွယ်စဉ်က အမြဲလို အိမ်မကပ်ပေ။ သားသမီးလေးယောက်ကို ‌ရှေ့ဆင့်နောက်ဆင့် မွေးဖွားထား၍ သူအပြင်တွင်ရှိနေစဉ် စောင့်ရှောက်ဖူးသည်က သားဖြစ်သူရှောက်ချွင်တစ်‌ယောက်သာ။ တစ်ခြားအချိန်တွင်တော့ အပြင်မှာသာ တာဝန်ရှိနေတတ်သည်။

တကယ်တော့ သူက သားတစ်ယောက်ရမှဆိုပြီးအယူသည်းခြင်းမရှိပါ။ တကယ်တော့ သမီးဆိုလည်း ကောင်းတာပဲ။ လိမ္မာပြီး စကားနားထောင်ဦးမည်။ သို့သော် သူ့ဇနီးက သမီးချည်းမွေးထား၍ အပြစ်ခံစားရကာ သားတစ်ယောက်မဖြစ်မနေ မွေးပေးခဲ့သည်။ ရှောက်ချွင်ကို မွေးဖွားပြီးချိန်တွင်တော့ ကျန်းမာရေးကမရတော့။ ထို့နောက် ရှောက်ချွင် ငါးနှစ်ခြောက်နှစ်အရွယ်၌ ဆုံးပါးသွားခဲ့သည်။

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now