ရာဟုဖွဲ့တေးဆီသို့...။(U)

Start from the beginning
                                    

"ထလိုက်တော့! ကိုယ်ထပ်မပြောဘူး အလိုလိုက်မယ့်အထဲ ကျန်းမာရေး မပါဘူး ဂျစ်တိုက်ချင်ရင် တခြားဟာကို ဂျစ်တိုက်! ထမယ်! လှိုင်းဖွဲ့တေး! "

ချက်ချင်းမထပါဘဲ ငြိမ်သက်ကာ ဆက်ထိုင်နေသည့် ကောင်လေးက တကယ့်ကို အဂျစ်တိုက်ချင်သည့်ပုံစံ။ ပုံမှန်ဆို အလျော့ပေးသင့်တာမျိုးဆို ရာဟု အလျော့ပေးတတ်ပေမယ့် အခု ဒီကောင်လေး ဂျစ်တိုက်နေတာသည် အဖျားကြောင့် ရဲစက်နေသည့် မျက်နှာလေးကိုမှ အားမနာ။

"လှိုင်းလုံး ကိုယ်ထပ်မပြောတော့ဘူး ငါးမိနစ်အတွင်း မင်းကိုယ့်နောက် လိုက်ဆင်းမလာရင် ကိုယ် မင်းနဲ့ပတ်သက်လို့ ဘာမှ ဝင်မပါတော့ဘူး"

ပြောပြီးသည်နှင့် ရာဟု ချာခနဲ လှည့်ထွက်လာတော့ တံခါးပေါက်ကို ဖြတ်အပြီးတွင် နောက်က ခပ်သွက်သွက်ခြေသံကို ကြားရသည်။ အသာပြုံးမိရင်း မသိဟန်ပြုကာ ရှေ့ဆက်သွားတော့ နောက်ပါးဆီ မဝံ့မရဲ တိုးကပ် ပါလာသည်။
ရာဟု စိတ်တကယ်တိုလျှင် ထိုအဆိုးကောင်လေးက ကြောက်တတ်ပါသေး၏။

ဓာတ်လှေကားထဲအရောက် ငိုမဲ့မဲ့ဖြစ်နေသည့် မျက်နှာလေးကို မြင်လိုက်ရတော့ ရာဟု သက်ပြင်းတစ်ခု ခပ်လေးလေးချမိ၏။

"အစောထဲက စကားနားထောင်လိုက်ရင် အခုလို ဝမ်းနည်းစရာ လိုမလား လှိုင်းလုံးတို့ ဆိုးနည်းပေါင်းစုံကို ထုတ်သုံးနေတော့တာပဲ"

အငိုမျက်လုံးကြားမှ မျက်စောင်းတစ်ချက်သည် စောရာဟုဆီ လွင့်ခနဲ။
သို့သော် ဘာသံမှတော့ ပြန်မထွက်လာတော့ဘဲ ဆူပုတ်ပုတ်ဖြစ်နေသည့် ပုံရိပ်ကိုသာ ပြောင်းထားလေသည်။
သူက တစ်ပြန် စိတ်ကောက်ချင်သည့် အရိပ်အယောင်ကြောင့် ရာဟု မသိဟန်ပြုထားလိုက်သည်။
မနေ့က ရာဟု အလုပ်ကိစ္စကြောင့် နယ်ဘက်ဆင်းရသည်။ အပူ ပြင်းလွန်းသည်ကြောင့် ထိုကောင်လေးကို မခေါ်သွားဖြစ်ဘဲ သေချာနားလည်အောင်ပြောပြ၍ ထားခဲ့သည်။ ပုံမှန်ဆို သူလိုက်ချင်လျှင် ရာဟု ခေါ်သွားတတ်ပေမယ့် ရာဟုတောင် မဖြစ်မနေမို့ သွားရမှာဖြစ်သည်။ သင်တန်း မရှိလျှင် ဘယ်မှ မသွားဖို့ အိမ်ထဲတင် နေဖို့ သူ သတိပေးခဲ့သေးသည်။ ဒါကို ဘာကများ နားလည်မှုလွဲစေသည်မသိ။ ရာဟု ညက ပြန်လာသည့်လမ်းမှာတင် တီငယ်က ဖုန်းဆက်လာသည်။
လှိုင်းလုံးဆီ သူ ဟင်းအမယ်တို့ သွားပို့ချိန်တွင် ဖျားနေသည့် ပုံစံတွေ့ရသည်ဟူ၍။
ဆေးခန်းသွားဖို့ တီငယ်ခေါ်သည်ကို ထိုကောင်လေးက လုံးဝပြောမရပါတဲ့လေ။
ရာဟု ဖုန်းခေါ်သည်တွင်လည်း ချက်ချင်းမကိုင်လာဘဲ လေးငါးခါဆက်တိုက်ခေါ်မှ ဆေးသောက်ထားသည့်အကြောင်း ပြန်ဖြေသည်။
နံဘေးလူမရှိလျှင် ဆေးကို ယောင်လို့ပင် မထိသည့် ကောင်လေးက ဆေးသောက်ထားသည်ဆိုကာ မပီမပြင်လိမ်သွားသေးသည်။
ဆိုးလို့ရ၍ ဆိုးလာသည့် ကောင်လေးက ရာဟုကိုပင် အရွဲ့တိုက်တတ်လာတာ၊ စိတ်ကောက်တတ်လာတာ၊ ချွဲနွဲ့တတ်လာတာတွေသည် ရာဟုအပေါ် တွယ်တာလာ၍ ဖြစ်သည်‌ကို ရာဟု သေချာနားလည်ပါသည်။ သို့သော် ရာဟုသည်လည်း သိပ်စိတ်ရှည်တတ်သည့်အထဲ မပါသည်မို့ ထိုကောင်လေး၏ ဂျစ်ဆိုး ဆိုးသည့်ကိစ္စတချို့တလေသည် ရာဟုကို စိတ်တိုစေ၏။

SpringWhere stories live. Discover now