"သက်နှင်း..သက်နှင်း"
နှစ်ခါသုံးခါလောက်ခေါ်လိုက်တော့မှ သက်နှင်းအမေဖြစ်သူထွက်လာသည်၊သော်တာကိုမြင်တော့ခင်သွက်သွက်လာလိုက်ပြီး ပြုံးရွှင်ကာတံခါးလာဖွင့်ပေးသည်။
"သမီးသော်တာလာအထဲဝင်"
"ဟုတ်ကဲ့ ရပါတယ် သမီးကအခုမှခရီးကပြန်လာလို့"
"အေးကွယ် ထမင်းမစားရသေးဘူးမလား လာလာ သက်နှင်းကလမ်းထိပ်ခဏသွားတယ် ပြန်လာလိမ့်မယ်ဝင်ခဲ့"
ဖော်ဖော်ရွေရွေရှိသော သက်နှင်း၏အမေဖြစ်သူမှ ပြုံးလိုက်တိုင်းသက်နှင်းနှင့်တူသည်၊သက်နှင်းရဲ့ အဖေလည်း မိန်းမဖြစ်သူကို ထိုအပြုံးတွေကြောင့်ပင်သဘောကျသွားတာ ဖြစ်သွားမှာဟုသော်တာတွေးကာ မသိမသာပြုံးမိသွားသည်။
အိမ်ထဲရောက်တော့ "သမီးခဏလေးထိုင်ဦး" ဟုပြောကာ ရေဘူးလည်းလာပေးသွားပြီးအနောက်ဖေးဘက်သို့ဝင်သွားသည်။သော်တာလည်းရေသောက်ကာအမောဖြေရင်း ဘေးဘီတစ်ချက်ကြည့်လိုက်တော့ သက်နှင်းတို့လည်း တော်တော်ချမ်းသာတာပဲဟုတွေးမိလိုက်သည်။
ခမ်းနားလှသောအိမ်ကြီး၊ချမ်းသာလှတဲ့မိသားစုမှာမွေးဖွားတဲ့ဒီတစ်ဦးတည်းသောသမီးလေးကိုဘယ်မိဘကစိတ်မချပဲနေနိုင်ပါမလိမ့်။သက်နှင်းကတော်တော်ကံကောင်းတဲ့ မိန်းကလေးပဲ။ တစ်ဦးတည်းသောကလေးချင်းတူတူ ချမ်းသာမှုချင်းလည်းသိပ်မကွာဟပေမယ့် ဒီလိုမိဘတွေရတာနဲ့ပင် ပြည့်စုံမှုက သော်တာနှင့်မိုးနဲ့မြေလိုကွာခြားသွားလေသည်။
"သမီးလာ ထမင်းစားမယ် ၁၂တောင်ထိုးနေပြီကွယ် လာ လာ"
"အမေရယ် အားနာစရာကြီး သမီးက သက်နှင်းကိုဒီတိုင်း.."
"အိုကွယ်..လာပါ"
ပြောစကားမဆုံးသေးလက်ကောက်ဝတ်မှဆွဲခေါ်သွားကာထမင်းစားပွဲ၍ထိုင်ခိုင်းသည်၊ဟင်းတွေမှာလည်းမွှေးကြိုင်လို့နေသည်။
"သမီးကငါးမစားဘူးမလား အမေကြက်သားအစပ်ချက်ထားတာကွယ် သက်နှင်းကမစားသေးဘူးတဲ့ သမီးလာခဲ့ရင် တိုက်လို့ရအောင်အအေးသွားဝယ်တယ်ကွယ် ဘယ်နေ့လာမယ်မှန်းလည်းမသိလို့တဲ့ ဗြုံးစားကြီးရောက်လာမှာဆိုးလို့တဲ့ အိမ်မှာလည်း သူ့အဖေက မရှိဘူးကွယ် အလုပ်ကိစ္စနဲ့သွားပြန်တယ် မနေ့ကပဲသွားတာ အဲ့တာနဲ့ ဟင်းတွေကအများကြီး အဝစားနော်"