ရင်ထဲမှာ တအားမြူးတူးရွှင်ပြနေတာမို့ အိမ်ထဲပြန်ပြေးဝင်လာတဲ့ ဒေး ခြေထောက်တွေက မြေကြီးနဲ့မထိဘူးလို့တောင်ထင်နေရသည်။
လေထဲမှာ တိမ်စိုင်တွေကိုနင်းကာ လွင့်မျောလာရသလိုပါပဲလား ...
နှုတ်ခမ်းက အပြုံးတွေကိုလည်းမရပ်တန့်နိုင် ... ဒီအကြောင်းကို ဘယ်သူ့ကိုမျှဝေရမှာလဲ ...
ဟိုကောင်တွေကို ဖုန်းဆက်ပြောပြရအောင်ကလည်း ဒီအချိန် ဘယ်သူမှအိပ်ရာကနိုးကြဦးမှာမဟုတ်။အိမ်ကလူတွေကိုပြောပြဖို့ကြတော့လည်း ဒီအကြောင်းကို အစအဆုံးသိထားတဲ့လူတွေမှမဟုတ်တာ ဘယ်သူကထပ်တူခံစားနားလည်ပေးနိုင်မှာလဲ။
ဟာကွာ ... အရမ်းပျော်နေတာကို ဒီအတိုင်းပဲ တစ်ယောက်ထဲသိလိုက်ရပြီး ပြီးသွားတော့မှာလား။
'' မမ ''
ဖေဖေတို့ မနိုးသေးဘူးဆိုတာကို လွှတ်ခနဲ အော်လိုက်မိပြီးမှသတိရသည်။
ဒေး က ကျိတ်မနိုင်ခဲမရနဲ့ လက်သီးတစ်ချက် နှစ်ချက်ကို လေထဲခုန်ပေါက်ပစ်သွင်းလိုက်ရင်း မီးဖိုချောင်ထဲရောက်လာသည်။
ပွင့်သစ်ဦးက မီးဖိုချောင်ဘေစင်ကလေးမှာရပ်ကာ တလှုပ်လှုပ်နဲ့ဘာတွေလုပ်နေမှန်းမသိ။
ကြည့် ဒါလောက်ဆို ဒေး ခေါ်နေတာကြားမယ့်ဟာကို မထူးဘူး ...
'' ဟဲ့ အမလေး ''
ပဲပြုတ်ထမင်းကြော်ဖို့ ဒယ်အိုးဆေးကြောသန့်စင်နေဆဲ ပွင့်သစ်က နောက်ကနေကျုံးဖက်လိုက်သော ဒေး ကြောင့် အလန့်တကြားနဲ့ ဒယ်အိုးတောင်လွတ်ကျမတတ်ဖြစ်သွားရသည်။
'' ဟဲ့ ဒေး လန့်လိုက်တာ ဘာဖြစ်တာလဲ ''
'' ပျော်လို့ အရမ်းပျော်လို့ဗျ ... ''
'' စောစောစီးစီး ဘာဖြစ်လာရပြန်တယ်မသိဘူးတော် ... ဘာကိုဒါလောက်ပျော်လာရတာလဲ ''
ဒေးက ပြုံးရယ်သော နှုတ်ခမ်းတွေကို အရှိန်မသတ်နိုင်ပဲ ပြောမလို့ပြင်ပြီးမှ ချက်ချင်းပဲနှုတ်ဆွံ့သွားကာ ခေါင်းကလေးယမ်းလိုက်ပြီး လက်တစ်ဖက်က ခါးကိုထောက် လက်တစ်ဖက်က လက်ညှိုးတစ်ချောင်းထောင်ကာ ဟန်ပါပါယမ်းရင်း...