Chapter 34

794 111 1
                                    

Chapter 34
December 15, 2023
စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 34
Translator – Utopia
 
မုမင်ထန် အိမ်တော်ကနေ အပြင်ထွက်လို့ မရတာတာကြောင့် ဒီအခြေအနေမှာ ချေးများနေလို့ မရချေ။ ရှိတာနဲ့ ဖြစ်‌အောင် လုပ်ရမှာပဲ။ သူမ စစ်သားနှစ်ယောက်ကို အဝတ်အစားသေတ္တာကို မ ခိုင်းလိုက်တယ်။ အစက သေတ္တာတွေကို အတူ မ ခိုင်းဖို့ လုပ်ပေမဲ့ သူတို့နှစ်ယောက်က တစ်ယောက်က စောင့်ကြည့်နေပြီး နောက်တစ်ယောက်က သေတ္တာကို မ တယ်။
 
ဒါလည်း ကိစ္စမရှိပါဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမ မ ရတာမှ မဟုတ်တာ။ လေးငါးခေါက် သွားပြီးတဲ့နောက် အဝတ်အစားသေတ္တာတွေ အကုန်လုံးကို ‌ရွှေ့လို့ပြီးသွားပြီ ဖြစ်တယ်။ အဲ့ဒီနောက်မှပဲ မုမင်ထန် သူတို့ကို မှန်တင်ခုံ သယ်ခိုင်းလိုက်ပြီး သူတို့နောက်ကနေ သူမက လိုက်လာကာ တံခါးကို သေချာပိတ်လိုက်တယ်။ ထို့နောက် ယွီလင်ခန်းမဆောင်ဆီ ပြန်လာကြတော့တယ်။
သူမ စံအိမ်တော်ရှေ့လည်း ရောက်ကော သေတ္တာတွေက တံခါးဝမှာ တောင်ပုံရာပုံဖြစ်နေတာ မြင်လိုက်ရတယ်။ မုမင်ထန် ပြောစရာစကားတောင် ပျောက်ရှသွားပြီး ချက်ချင်းပဲ တပ်စုခေါင်းဆောင်ဆီ သွားကာ
 
“လူကြီးမင်း သူတို့တွေက အဲ့သေတ္တာတွေကို တံခါးဝ ဒီလိုကြီး လာချထားတာ၊ မဟုတ်မှလွဲရော ဒါတွေအကုန်လုံးကို ကျွန်မဘာသာကျွန်မ အထဲထိ သယ်ခိုင်းနေတာလား”
 
တပ်စုခေါင်းဆောင်လည်း သူမစကားကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားတယ်။ ထို့နောက် ချောင်းဟန့်လိုက်ပြီး
 
“ကျွန်တော်မျိုးတို့ မဝံ့ပါဘူး။ ကျေးဇူးပြုပြီး ဝမ်ဖေးကပဲ ထားရမယ့်နေရာကို ပြပေးစေချင်ပါတယ်”
မုမင်ထန် ဟွန့်ကနဲ နှာခေါင်းရှုံ့လိုက်ပြီး တံခါးကို စောင့်ဖွင့်လိုက်ကာ အထဲကို နှစ်လှမ်းလောက် ဝင်ချသွားတယ်။ ထို့နောက် နောက်ပြန်လှည့်လာပြီး
“မြန်မြန်လာလေ၊ အဲ့မှာ ဘာလုပ်နေကြတာလဲ”
 
သူတို့တွေ သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက်မှပဲ ပရိဘောဂတွေကို စသယ်ဖို့လုပ်လိုက်ကြတာကို မုမင်ထန် သေသေချာချာ မြင်လိုက်ရတယ်။ အစောင့်တချို့ဆို ဓားဆွဲထုတ်ပြီး ပရိဘောဂသယ်ပေးရတဲ့ အစောင့်ရဲမက်တွေကို ကာကွယ်ပေးဖို့တောင် လိုက်လာကြတယ်။ မုမင်ထန် သက်ပြင်းချလိုက်ပြီး
 
“နှမ်းစေ့တွေကမှ ရှင်တို့ထက် သတ္တိရှိဦးမယ်!”
 
မိန်းမငယ်လေးတစ်ယောက်ဆီက ရှုံ့ချတာ ခံလိုက်ရတာမို့ အရှက်ရမိပေမဲ့လည်း လက်ထဲက ဓားကိုတော့ မချရဲကြချေ။
အစကတော့ မှန်တင်ခုံကို သူမအခန်းထဲမှာပဲ ထည့်ဖို့ မုမင်ထန် လုပ်ထားပေမဲ့ အားလုံးက ရှဲ့ရွှမ်းချန်ရဲ့အခန်းဆီပဲ တန်းသွားကြတာကို တွေ့လိုက်ရတယ်။ ဟုတ်သား သူမက ဝမ်ဖေးလေ၊ သေချာပေါက် ရှဲ့ရွှမ်းချန်နဲ့ အတူအိပ်တာပဲလို့ တွေးကြမှာပေါ့။
ဒီတစ်ခါတော့ မုမင်ထန် ရှိုးတိုးရှန့်တန့် ဖြစ်ရမယ့်အလှည့်ပဲ။ သူမတို့နှစ်ယောက် ခွဲအိပ်တာလို့လည်း ပြောလို့ မရတာကြောင့် အစောင့်တွေက မှန်တင်ခုံနဲ့ သေတ္တာတွေ အကုန်လုံးကို ရှဲ့ရွှမ်းချန် အိပ်ရာဘေး ဂရုတစိုက်နဲ့ နေရာချပေးနေတာကိုပဲ ရပ်ကြည့်နေလိုက်ရတယ်။ ထို့နောက် ကြမ်းပြင်ကပဲ ချော်ရည်ပူတွေ ထွက်နေသလိုမျိုး အစောင့်တွေက အမြန်ပဲ သတိစွဲပြီး အခန်းထဲက သုတ်ခြေတင် ထွက်သွားကြတော့တယ်။ သူမ စကားလှမ်းပြောမလို့ လုပ်တုန်းပဲ ရှိသေး အစောင့်ရဲမက်တွေက အခန်းတံခါးကို ပြန်ပိတ်ပြီးသွားပြီ။
 
….. မြန်လိုက်တာ။ ကြီးမားခမ်းနားတဲ့ မှန်တင်ခုံနဲ့ အဝတ်အစားဗီရိုတွေကို ကြည့်ရင်း မုမင်ထန် လက်သေးသေးလေးနဲ့ ချိန်ဆကြည့်နေတယ်။ ဒါတွေအားလုံးကို သူမဘာသာ မသယ်နိုင်ဘူးဆိုတာကို နောက်ဆုံးတော့ သူမ လက်ခံလိုက်ရတယ်။
အဝတ်အစားတွေ သယ်ရလွယ်ပါတယ်၊ သူမအခန်းထဲ ထုပ်ပိုးပြီး သယ်သွားလို့ရတယ်။ ဒါပေမဲ့ မှန်တင်ခုံကြီးကျ ဘယ်လိုလုပ်ရပါ့?
မုမင်ထန် အတော်လေး စိတ်ဓာတ်ကျသွားတယ်။ ဒါပေမဲ့ တွေးတာက နောက်မှထား၊ သူမခေါင်းသေချာဖြီးဖို့ လိုနေပြီ။ မုမင်ထန် မှန်တင်ခုံရှေ့ထိုင်လိုက်တဲ့အခါ ရှဲ့ရွှမ်းချန်ကို မှန်ထဲကနေ လှမ်းမြင်နေရတယ်။
 
အခန်းထဲ အလင်းရောင်ကောင်းကောင်း ဝင်အောင်ဆိုပြီး သူမ စရောက်တဲ့ညကတည်းက လိုက်ကာတွေအားလုံးကို ဖွင့်ချထားခဲ့တာဖြစ်တယ်။ ရှဲ့ရွှမ်းချန်ရဲ့အိပ်ရာခန်းလိုက်ကာကလည်း ဖွင့်ထားဆဲဖြစ်တယ်။ မုမင်ထန် ရှိုးတိုးရှန့်တန့်ဖြစ်နေတယ်။ တကယ်လို့ သူသာ မျက်လုံးပွင့်လာရင် သူမမျက်နှာကို မြင်ရမှာလား?
 
သူမစိတ်ကပဲ ထင်နေတာကြောင့်လားမသိ၊ ရှဲ့ရွှမ်းချန်က အခုချက်ချင်းပဲ မျက်လုံးတွေ ဖွင့်လာတော့မယ်လို့ ထင်မှတ်ရတယ်။ မုမင်ထန်တစ်ယောက် ဆံပင်ဖြီးရင်း စိတ်က မလုံမလဲနဲ့ နောက်ကိုပဲ ခဏခဏ ပြန်လှည့်ကြည့်နေမိတော့တယ်။
ရှဲ့ရွှမ်းချန်ကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ အိပ်စက်နေဆဲဖြစ်တယ်။ အေးအေးချမ်းချမ်း အိပ်စက်နေရှာတဲ့ သူ့ပုံရိပ်လေးက ပန်းချီကားတစ်ချပ်လိုပဲ လှပတင့်တယ်တယ်။
မုမင်ထန် သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေမိတယ်။ အကြာကြီး စိုက်ကြည့်နေမိလို့လားမသိ သူမတောင် ကြောက်လာသလိုပဲ။ သူမ အမြန်ပဲ ခေါင်းပြန်လှည့်လိုက်ပြီး ထုံးလက်စ ဆံထုံးကို ဆက်ထုံးနေလိုက်တော့တယ်။ ဘီးလေးနဲ့ ဆံပင်ကို ဖြီးပြီးနောက်၊ အဆင်တန်ဆာတွေနဲ့အတူ ပုတီးစေ့လေးတွေနဲ့ပါ အလှဆင်ထားတယ်။
 
ဟိုးအရင်ကတော့ ကျန်းမင်ဝေ့နဲ့ တူအောင်လို့ သူမ ပန်းတွေနဲ့ ဖဲကြိုးတွေကိုသာ အဆင်တန်ဆာအနေနဲ့ သုံးခဲ့ရတာဖြစ်တယ်။ လှပတဲ့ ကျောက်မျက်ရတနာဆံထိုးတွေဆိုတာ သူမ ငေးကြည့်နေရုံသာ တတ်နိုင်တယ်။ အခု သူမမှာ လက်ဝတ်ရတနာတွေ သေတ္တာနဲ့အပြည့် ရှိနေပြီဆိုတော့ သူမ သဘောကျသလို တောက်ပတဲ့ရတနာတွေကို ဝတ်လို့ရပြီ။
မုမင်ထန် သေချာအာရုံစိုက်ပြီး အဆင်တန်ဆာတစ်ခုချင်းစီကို ရွေးထုတ်နေတယ်။ သူမအာရုံက အဆင်တန်ဆာတွေဆီပဲ ရောက်နေတာကြောင့် အပြင်လောကကိုတောင် မေ့လျော့သွားတော့တယ်။
____________________________________________________________________________

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now