Chapter 29

706 99 1
                                    

Chapter 29
December 8, 2023
စစ်နတ်ဘုရားရဲ့ ချစ်လှစွာသော ဝမ်ဖေး
I’ll Be the Male Lead’s Sister-in-Law
Chapter 29
Translator – Utopia
 
တပ်စုခေါင်းဆောင်ရဲ့မျက်နှာက ချက်ချင်းပဲ ခေါင်းနားပန်းကြီးသွားတယ်။ မုမင်ထန်ကို အေးစက်စက် ပြန်ကြည့်လိုက်ပြီး
 
“ဒီငယ်သား ဝမ်ဖေးကို အကြံပေးခွင့်ပြုပါ။ ဝမ်ရယ်က တစ်နေ့သုံးကြိမ် ဆေးဆန်ပြုတ်ကို သောက်ရပါမယ်၊ မဟုတ်ရင် ဝမ်ရယ် စိတ်ထဖောက်သွားလိမ့်မယ်။ အဲ့လိုဖြစ်သွားရင် သူ့ကို တားနိုင်တာဆိုလို့ သူ ပင်ပန်းပြီး မေ့လဲသွားတဲ့အချိန်ထိ စောင့်နေကြရုံသာ ရှိပါတယ်။ ဒီလိုတွေသာ ဖြစ်လာရင် ပထမဆုံး ထိခိုက်မယ့်သူက ဝမ်ဖေးပါပဲ။ ဝမ်ဖေး အဲ့ဒီလောက်ထိတော့ မစွန့်စားဘူးလို့ ဒီငယ်သား ယုံပါတယ်”
ထို့နောက် ခဏရပ်လိုက်ပြီး ဆက်ပြောလာတယ်။
 
“မနက်ခင်း စားစရာတွေလာပို့တုန်းက ဝမ်ရယ်နဲ့ ဝမ်ဖေးတို့က အိပ်စက်နေကြတုန်းပဲ။ ဒီနိမ့်ကျတဲ့ ငယ်သားက အရှင်တို့ အိပ်စက်နေတာကို မနှောင့်ယှက်ဝံ့တာကြောင့် စားစရာတွေကို ပစ်လိုက်ရပါတယ်။ မနက်ခင်း တိုက်ရမယ့်ဆေးကို နေ့လယ်စာထဲ ထပ်ထည့်ထားပါတယ်။ အဖိုးတန်တဲ့ဆေးတွေမို့ ဝမ်ဖေး တတ်နိုင်သလောက် မြန်မြန် ပြန်သွားပြီး ဝမ်ရယ့်ကို နေ့လယ်စာကျွေးသင့်ကြောင်းပါ”
 
ဆန်ပြုတ်လေးတစ်ပန်းကန်အတွက်ကို သူ့မှာ ပြောစရာ အတော်များတာပဲ။
“ဒါဆိုလည်း ဒီထဲ ဘာဆေးတွေ ထည့်ထားတာလဲ။ အနံ့က အံ့ဩစရာပဲ”
 
သူမကလည်း စကားအစ်လာတယ်။ တပ်စုခေါင်းဆောင်က ခေါင်းငုံ့သွားပြီး သူမကို ဆက်မကြည့်တော့ဘူး။
 
“တော်ဝင်သမားတော်တွေရဲ့ လျှို့ဝှက်ဆေးဝါးတွေမို့ ဒီငယ်သားလည်း မသိရပါဘူး”
 
သူမ ထပ်မေးချင်တာတွေ ရှိသေးပေမဲ့လည်း သူ့ဘက်က ပြောချင်ဟန်မပေါ်တာ သိသာနေတယ်။ မုမင်ထန်လည်း သက်ပြင်းချပြီး အခန်းထဲပဲ ပြန်ဝင်သွားလိုက်တယ်။ သူမ အခန်းတံခါးမပိတ်ခင်မှာ ရုတ်တရက် အနောက်ကို လှည့်လိုက်ပြီး
“ဆေးဆိုပေမဲ့လည်း တန်ဆေးလွန်ဘေးပဲ။ ငါက နေမကောင်းဖြစ်မနေဘူးဆိုတော့ ငါ့စားစရာတွေထဲတော့ ဆေးမထည့်ထားဘူးမလား”
 
သူမမေးခွန်းကို တပ်စုခေါင်းဆောင်က ခပ်ဖြေးဖြေး ပြန်ဖြေလာတယ်။
 
“စိတ်ချပါ ဝမ်ဖေး။ ဝမ်ရယ်ရဲ့စားစရာတွေကို ဝမ်ဖေးအတွက်ဟာနဲ့ သက်သက်ခွဲထားပါတယ်”
 
“ဒါဆိုလည်း ကောင်းပါပြီ”
 
 
သူမက မင်ထန်ဆိုတဲ့နာမည်လေးအတိုင်းပဲ မျက်ခုံးတန်းတန်းလေးကိုမှ နှုတ်ခမ်းလေးက နီထွေးတယ်၊ မျက်ဝန်းတွေကလည်း တရုတ်ဇီးသီးလို ကွေးညွှတ်နေတယ်။ သူမက နွေဦးပန်းကလေးလိုပဲ လှပရွှင်လန်းတယ်။ အစောနက သူမ ပြုံးပြီး တံခါးပိတ်သွားချိန် သူ့စိတ်ထဲ အေးခဲနေတဲ့ နှင်းစိုင်တွေ အရည်ပျော်ကျသွားပြီး နွေဦးရဲ့ပန်းကလေးတွေ ပွင့်လန်းလာသလို ခံစားလိုက်ရတယ်။
 
ဒါပေမဲ့ သူမက ဟန်ပြသက်သက်ပဲဆိုသော်ငြား ဒီသက်တော်စောင့် စိတ်ထဲ မထည့်ဝံ့ဘူး။ သူ တွေဝေနေဆဲမှာပဲ မုမင်ထန်က နောက်တံခါးတစ်ချပ်ကို ထပ်ပိတ်လိုက်ပြီး ခမ်းနားတဲ့တံခါးချပ်တွေနောက်မှာ ပျောက်ကွယ်သွားတော့တယ်။
 
တပ်စုခေါင်းဆောင်လည်း အမြန်ပဲ စိတ်ကို ပြန်စုစည်းပြီး တာဝန်ကျနေရာကို ပြန်ထွက်သွားတယ်။ သူမက ချီယန်ဝမ်ဖေးဖြစ်မနေရင်တောင်မှ အရှင့်ရဲ့မိန်းကလေးကို တခြားယောက်ျားတွေက စိတ်ကူးထဲတောင် ထည့်ခွင့်မရှိချေ။
 
အထဲရောက်တဲ့အခါ မုမင်ထန် ဆန်ပြုတ်ကို ထပ်နမ်းကြည့်လိုက်တယ်။ အနံ့က ပိုပြင်းလာတာပဲ။
လက်စသတ်တော့ အထဲမှာ ဆေးတွေကို နှစ်ဆထည့်ထားတာကိုး။ အဲ့တာမို့ သူမ အနံ့ခံမိနေတာ။
မုမင်ထန်က ကလေးဘဝကတည်းက ထူးခြားတဲ့ စွမ်းရည်တစ်ခု ရှိတယ်။ သူမကတော့ ထွေထွေထူးထူး မဟုတ်ပါဘူးလို့ ပြောပေမဲ့ပေါ့။ သူမ လမ်းမပေါ် ထွက်သွားတိုင်း တန်ဖိုးရှိတဲ့အရာတွေကို အမြဲ ရှာတွေ့တယ်။ ကျောက်တုံးနှစ်တုံးကို လာယှဥ်ပြရင်တောင်မှ ဘယ်တစ်တုံးက ပိုတန်ဖိုးရှိလဲ သူမ အလိုလိုသိစိတ်ကနေ သိနေတယ်။
 
သူမ မိဘတွေကဆို မုမင်ထန်ကို ရတနာရှာတဲ့ကြွက်နှာခေါင်းရှိတယ်လို့ စနောက်တတ်တယ်။ ဒါက တကယ် ဟုတ်မဟုတ် သူမ မသိပေမဲ့ သူမရဲ့အလိုလိုသိစိတ်က အမြဲ သိပ်ကောင်းတယ်။ အဲ့ဒါကြောင့်သာ မဟုတ်ရင် သူမ စစ်ဘေးရှောင်ရင်း ဆယ်ခါပြန် သေသွားလောက်တယ်။
သူမရဲ့အလိုလိုသိစိတ်က ဒီဆန်ပြုတ်ထဲ မသင်္ကာစရာတစ်ခုခု ပါနေတယ်လို့ ပြောနေတယ်။ သူမလည်း တုံ့ဆိုင်းမနေဘဲ ပြတင်းပေါက်ကနေ ပန်းအိုးထဲ သွန်ပစ်လိုက်တယ်။ တော်သေးတယ် ယွီလင်စံအိမ်‌တော်မှာ သူတို့နှစ်ယောက်တည်းရှိလို့။ သူမကိုယ်တာထဲကပဲ သူ့ကို ကျွေးတော့မယ်လို့ မုမင်ထန် ဆုံးဖြတ်လိုက်တယ်။ အများကြီးတော့ မဟုတ်ပေမဲ့ ဘာမှန်းမသိတာ ပါနေတဲ့ဆန်ပြုတ်ကို စားရတာထက်တော့ ကောင်းပါတယ်လေ။
 
ဒါပေမဲ့ သူမ ရှဲ့ရွှမ်းချန်ကို ဆန်ပြုတ်တိုက်မလို့ လုပ်တော့ သူကလည်း သိနေသလိုမျိုး ဆန်ပြုတ်ကို သောက်ဖို့ ငြင်းဆန်နေတယ်။
 
သူမ လေးငါးခါမက ကြိုးစားပြီး တိုက်ပေမဲ့ ဖိတ်ကျကုန်တာပဲ အဖတ်တင်တယ်။ နောက်ဆုံးတော့ သူ့ပါးစပ်ကို သုတ်ပေးလိုက်ရင်း
 
“စိတ်ချပါ အရှင်၊ ကျွန်မက ဒီကမ္ဘာပေါ်မှာ အရှင် အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ နေသွားဖို့ မျှော်လင့်တဲ့ တစ်ယောက်တည်းသောသူပါ။ အရှင်သာ တစ်ခုခုဖြစ်သွားရင် ကျွန်မက အရင်ဆုံး သေရမယ့်သူပါပဲ။ ဒါကြောင့်မို့ ကျွန်မ အရှင့်ကို ဘယ်တော့မှ အန္တရာယ်ပြုမှာ မဟုတ်ပါဘူး”
 
မေ့မြောနေတဲ့သူကို စကားတွေပြောနေမိတာ ကြောင်တောင်တောင်နိုင်တယ်လို့ သူမ ခံစားလိုက်ရတယ်။ ဒါပေမဲ့ သူမ သတိထားမိတဲ့အချိန် သူ့နှုတ်ခမ်းတွေက တင်းတင်းစေ့မထားတော့တာ တွေ့လိုက်ရတယ်။ တိုက်ဆိုင်တာများလား? မုမင်ထန်လည်း ဆက်တွေးမနေတော့ပဲ ပျော်ပျော်ပဲ သူ့ကို ဆန်ပြုတ်တိုက်တော့တယ်။
 
ဆန်ပြုတ်တစ်ပန်းကန် သောက်ပြီးတဲ့နောက် သူ ပင်ပန်းသွားတယ်ထင်ပါရဲ့၊ နောက်တစ်ခါ ပြန်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်သွားတော့တယ်။
________________________________________________________________________
 

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now