"အလေ့အကျင့်ပေါ့ လုပ်ရင်းလုပ်ရင်းနဲ့ဖြစ်သွားတာပဲ"

"နွေ ထမင်းဟင်းချက်တတ်လား"

"အင်း"

"ညတော့ နွေချက်ကျွေးတာစားရမဲ့ကံမပါဘူးထင်တယ် မနက်ဖြန်နှစ်ဆန်းတစ်ရက်ဆိုတော့ စျေးသည်တွေမထွက်လောက်ဘူး"

ရောက်တက်ရာရာစကားတွေပြောကြရင်း တဖြည်းဖြည်းညနက်လာသလို တိုက်ခတ်လာသောလေဟာလည်းပို၍လတ်ဆတ်အေးမြကာ ပို၍လည်းပြင်းလာ၏။ ယိမ်းနွဲ့နေသောဖယောင်းတိုင်မီးအောင်တွင် အရိပ်တွေဟာလည်းယိမ်းနွဲ့လျက်။ နွေ့ရဲ့ခါးကိုဖက်လိုက်ပြီး ပခုံးကြားကိုတိုးဝင်လိုက်ကာ သက်သောင့်သက်သာအနေအထားဖြင့် ညအိပ်ပျော်သွားခဲ့၏။ တဖြည်းဖြည်း အသက်ရှုမှန်စွာအိပ်ပျော်နေသည့် ညကို နွေတစ်ယောက် အချိန်အကြာကြီးကြည့်နေခဲ့ရင်း ည၏မျက်နှာထက်တွင်ကျဆင်းနေသောဆံနွယ်စတွေကို အသာအယာဖယ်ရှားပေးကာ သက်ပြင်းငွေ့ငွေ့ချလိုက်တာကိုတော့ ညမသိခဲ့ပေ။

~~~~~~

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်မှာ ဘေးနားရှိနွေထသွားတာကိုတောင် ညမသိခဲ့ပေ၊ ဖုန်းကိုယူကြည့်လိုက်တော့ မနက်ခုနှစ်နာရီခွဲနေပြီဖြစ်သလို တီတီလေးဆီက ဝင်ထားသောမက်ဆေ့တွေကိုလည်း replyပြန်လိုက်၏။ ထို့အပြင် ငွေလွှဲဝင်ထားသည့်မက်ဆေ့တစ်စောင်ကိုပါတွေ့လိုက်ရတော့ ညရင်ထဲတင်းကြပ်သွားသလို သက်ပြင်းချလိုက်မိသည်။

ည ဝန်ခံလိုက်ရင််များကောင်းလေမလား..
နွေ စိတ်ဆိုးသွားမှာလား... လိမ်ရကောင်းလားဆိုပြီး စိတ်ပျက်သွားလေမလား...

ည ရုတ်တရတ်ကြီး မွန်းကြပ်ငေးငိုင်သွားမိသည်။ အတော်ကြာမှ အိပ်ရာကနေထလိုက်ကာ အတွေးတွေကိုရှင်းထုတ်ဖို့ရေချိုးလိုက်ပြီး အခန်းအပြင်ထွက်ခဲ့တော့ မီးဖိုခန်းဆီကနေသင်းပျံ့နေသည့်ရနံ့ကိုရလိုက်၏။ ည အံ့ဩသင့်သွားကာ အပြေးအလွှားသွားကြည့်လိုက်တော့ မီးဖိုခန်းထဲတွင် အေပရွန်ဝတ်ကာဟင်းချက်နေသောနွေ့ကိုတွေ့လိုက်ရ၏။ ည၏ရင်ထဲတွင် လှိုက်တက်သောခံစားချက်ဟာ ပြည့်ကြပ်ကာ မျက်ရည်ဝဲလာစေသည်။

Summer NightWhere stories live. Discover now