~၅~

504 66 1
                                    

"ရွှေကူ ရောက်ပြီ"

ကင်မရာထဲကပုံတွေကို ပြန်စစ်ဆေးနေရင်း အောက်ထပ်ကပြောသံကြားရတော့ ဘေးဘီဝဲယာကိုကြည့်လိုက်မိ၏။ မြစ်ကမ်းဘေးတစ်လျှောက်မှာ ရှေးဟောင်းဘုရား အစုစုကိုများစွာတွေရပြီး တချို့ကလည်း ပြန်လည်ပြုပြင်ထားတာကိုတွေ့ရ၏။ တဲအိမ်တွေသာမက ခြေတံရှည်အိမ်တွေကိုလည်းတွေ့လာရသလို ရေတိုက်စား၍ အမြစ်များပေါ်နေသော
သစ်ပင်ကြီးတွေကိုလည်းတွေ့ရပြန်သည်။
သင်္ဘောက ရွှေကူမြို့ကိုတော့မကပ်တော့ ကသာမြို့တွင် ညအိပ်ဖြစ်တာကြောင့် အချိန်လင့်သွားမည်စိုး၍ဖြစ်၏။

ခပ်လှမ်းလှမ်းမှာ သစ်တွေဆွဲနေသည့် ဝါးဖောင်တွေကိုတွေ့တော့ ဓာတ်ပုံလှမ်းရိုက်လိုက်ရင်း

"ဒါတွေက တရားဝင်လား တရားမဝင်ထုတ်တာတွေလား"

"နေ့ခင်းဆိုတော့ တရားဝင်ထုတ်တဲ့ဟာတွေဖြစ်မှာပါ ညဆိုရင်တော့မသိဘူးပေါ့ ဒါကဆင်စခန်းဘက်ကနေတင်လိုက်တဲ့ဟာတွေဖြစ်မယ်"

ဆင်စခန်းမှာတုန်းကလည်း သစ်ထုတ်လုပ်သည့်အကြောင်းကိုနားထောင်ခဲ့တာမို့ ည ခေါင်းညိမ့်ပြလိုက်သည်။ အောက်ထပ်မှာတော့ ဧရာဝတီလင်းပိုင်တွေအကြောင်းဆွေးနွေးနေကြကာ ကသာမြို့အောက်ဘက်ဆိုရင် ဧရာဝတီလင်းပိုင်တွေကို တွေ့ရကြောင်း ပြောဆိုနေကြ၏။

"နွေ ဧရာဝတီလင်းပိုင်တွေကိုတွေ့ဖူးလား"

"ကြာပါပြီ ငယ်ငယ်တုန်းကပေါ့ အဲ့တုန်းက ဧရာဝတီလင်းပိုင်လို့ခေါ်မှန်းတောင်မသိသေးဘူး"

ဒီဧရာဝတီနှင့် နွေဟာနက်ရှိုင်းစွာဆက်နွယ်နေမှန်း ည တစ်စထက်တစ်စပိုသိလာရသလိုပင်၊ နွေဟာ ဘာတွေကို ဒီလောက်တောင်မြိုသိပ်နေတာလည်းဆိုတာကိုတွေးမိပြန်တော့ ရင်ထဲမှာအနည်းငယ်ပြည့်ကျပ်လာကာ နေလို့ထိုင်လို့မကောင်းတော့ပေ။

"အိပ်ချင်လို့လား အခန်းထဲသွားအိပ်လေ"

"မြစ်ကြောင်းကြည့်ချင်လို့လာပါတယ်ဆို အခန်းထဲအိပ်နေရင်ဘာမြင်ရတော့မှာလဲ မျက်လုံးဖွင့်လိုက်ချိန် ရေပြင်ကျယ်နဲ့ စိမ်းစိုနေတဲ့ကမ်းပါးတွေကိုမြင်ရတာကပိုကောင်းတယ်မဟုတ်ဘူးလား"

Summer NightWhere stories live. Discover now