"နွေက စာအုပ်တွေဖတ်ရတာကြိုက်လား"

"ဆိုပါတော့"

"ပထမမြစ်ကျဉ်းက ဗန်းမော်အထက်မှာဆို"

"အင်း မြစ်ဆုံရဲ့အောက်ဘက် မိုင် ၄၀ လောက်မှာရှိတာ ရေစီးအရမ်းသန်ပြီး သင်္ဘောတွေတော်ရုံသွားလို့မရဘူး စက်လှေအသေးတွေပဲဖြတ်တာများတယ်"

"နွေရောက်ဖူးလား"

ဒီတစ်ခါမေးခွန်းကိုတော့ နွေမဖြေခဲ့၊ တင်းတင်းစေ့ပိတ်လိုက်သောနှုတ်ခမ်းတွေဆီကနေ အဖြေကို ညမကြားခဲ့ရပေ။
နွေဟာ ဒီခရီးစဉ်အကြောင်းကိုရော ဧရာဝတီ၏အကြောင်းကိုရောတော်တော်သိပုံရ၏။ ရင်းနှီးကျွမ်းဝင်နေသည့်ပုံစံမျိုးပင် သို့သော် အချို့သောအကြောင်းအရာတွေကိုတော့ ပြောပြချင်ပုံမရ။

"အလှဆုံးက အခုဝင်နေတဲ့ ဒုတိယမြစ်ကျဉ်းလေ ဖြတ်သွားတဲ့အခါတွေ့ရမှာပါ တကယ်လှတယ်"

နွေ၏ဗဟုသုတရှိပုံကလေးစားစရာပင်၊ စိတ်ရှည်လက်ရှည်ရှင်းပြနေသော နွေ၏ပုံစံကိုကြည့်ရတာဟာ နှစ်လိုဖွယ်ကောင်းလှ၏။

နွေပြောသလိုပင် ဧရာဝတီ၏ဒုတိယမြစ်ကျဉ်းဟာ တကယ်ကိုလှ၏။ စင်းခန်းတံတားကိုကျော်ဖြတ်ပြီးနောက်မှာ မိုးရာသီဆိုရင် ဝဲအကြီးကြီးဖြစ်ကာ သင်္ဘောတွေ စက်လှေတွေဒုက္ခပေးတတ်သော ဥဒေါင်းဝဲရှိ၏။ သို့သော် နွေနှင့်ဆောင်းမှာတော့မတွေ့ရတတ်ပေ။ ထိုနေရာ၏ညာဘက်အပေါ်ဘက်တွင် မတ်စောက်သောကမ်းပါးယံကြီးရှိပြီး ထိုကမ်းပါးရံတွင် ကျောက်လိုဏ်ဂူများရှိကာ ဘုရားအစုသေးသေးလေးများ များစွာရှိပြီး ဥဒေါင်းတောင်ဘုရားများဟုခေါ်တွင်လေ၏။ စိမ်းညို့သောသစ်ပင်တွေဟာလည်း ကမ်းပါးစောင်းတစ်လျှောက်တည်ရှိနေတာဟာ မျက်စိပဒဿဖြစ်လှသည်။

"သင်္ဘောစက်သတ်ပေးမယ် ဥဒေါင်းတောင်ဘုရားတက်ချင်တဲ့သူရှိလား"

သင်္ဘော ကပ္ပတိန်၏စကားကိုကြားတော့ အောက်ထပ်ကအဖွဲ့ကတက်မည်ဟုသဘောတူလိုက်ကြ၏။ သို့သော် အပြောလွယ်၏ အလုပ်ခက်လှသည်။ ရေကျချိန်ဖြစ်၍ ဝဲလည်းမရှိတာကြောင့် ကမ်းပါးနားကပ်ရတာလွယ်ကူသော်လည်း သင်္ဘောကိုယ်ထည်ကကြီးတာကြောင့် ကမ်းထိကပ်မရပေ၊ တက်ချင်လျှင် တစ်ဖက်ကကျောက်ဆောင်တွေကို ခုန်ကူးကာတက်ရမည်ဖြစ်ပြီး ကမ်းပါးစောင်းလမ်းတွေဟာအသုံးမပြုတော့ပြီဖြစ်တာကြောင့် လမ်းပါပျောက်နေ၏။

Summer NightWhere stories live. Discover now