သူပထမဆုံးအတန်းတက်သည့်နေ့တွင် တော်တော်များများ အတန်းချိန်စိပ်သည့်အတွက် ပင်ပန်းကြောင်း အပြစ်ဆိုကြသည်ကို ကြားရသည်။ သို့သော် လီချိန်ရှို့အနေနှင့် မီးခိုးတလူလူနှင့်မီးဖိုချောင်ထဲ အလုပ်ရှုပ်ရခြင်းမဟုတ်ပဲ စာသင်ခန်းထဲ ထိုင်နိုင်ခြင်းက ယခုလက်ရှိ မိနစ်တိုင်း စက္ကန့်တိုင်းမှာ ပျော်ဖွယ်ရာပင်။ သူတစ်စက်ကလေးမှ ပင်ပန်းသည်ဟု မခံစားရသည့်အပြင် နေ့စဉ်ကျောင်းမတက်ရသည့်အတွက်ပင် နှမြောတသဖြစ်မိပါသည်။ တစ်ပတ်မှာ နှစ်ရက်ပဲ အတန်းတက်ရလျှင် ကျန်ငါးရက်မှာ ဘာလုပ်နေရမလဲ။ အလဟဿဖြစ်တာပဲ မဟုတ်လား။

လီချိန်ရှို့သည် အကြမ်းစာရွက်ပေါ်၌ ဟိုဟိုဒီဒီ ခြစ်နေရင်း သူယခင်က စုထားသည့်ငွေ သောင်းဂဏန်းနှင့် ဘယ်လောက်များ ဆက်တောင့်ခံထားနိုင်မလဲဟု သူ့အသုံးစားရိတ်ကိုတွက်ချက်နေမိသည်။

"ဟိုင်း"

တိုးညင်းသော အသံတစ်ခုက သူ့အားလန့်ဖြန့်သွားစေ၏။ သူ့လက်တုန်သွားသည်နှင့် ခဲတံထိပ်ဖျားက ခုံပေါ်ခြစ်မိပြီးနောက် ခဲတံက အောက်သို့ပြုတ်ကျသွားတော့သည်။

"ဟား ဟား ဟား နင်လန့်သွားရပြီ"

လုံးဝိုင်း၍ ချစ်စရာအတိဖြစ်သော မျက်နှာတစ်ခုက ဖော်ရွေသွက်လက်စွာ ပြုံးလို့လာသည်။

သူနှင့် ယခု သူ့ရှေ့ရှိ ကျောက်စစ်စစ် ဟု ခေါ်သော ကောင်မလေးသည် အတန်းထဲသို့ အစောဆုံးလာကြသူများဖြစ်သည်။ ခဏ ခဏဆိုတော့ နှစ်ယောက်သား အတူထိုင်မိကြတော့သည်။

ကျောက်စစ်စစ်သည် ဖော်ရွေသော ဗီဇနှင့် စကားပြောကောင်း၏။ သူ၏ စကားနည်းမှုကို စိတ်ထဲမထားပဲ တစ်ယောက်တည်းဒိုင်ခံစကားဆိုခြင်းဖြင့် အချိန်အကြာကြီး ပြောနိုင်သူဖြစ်သည်။

"ငါက ဒီနေ့တော့ နင့်ထက်စောပါပြီမှတ်တာ။နောက်ဆုံးတော့လဲ နင်ပဲ အရင်ရောက်နေပါလား။ နင်ဘာလို့ ဒီလောက်အစောကြီးထနိုင်ရတာလဲ?"

ကျောက်စစ်စစ်သည် အာကျယ်အာကျယ်နှင့်ဆိုရင်း ထိုင်ချသည်။ လက်ထဲရှိ အိတ်ထုပ်ထဲမှ ပဲနို့နှင့် အသားပေါက်စီကိုလဲ ထုတ်လိုက်သေး၏။

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now