အပိုင်း(၅၉)

Start from the beginning
                                    

ထိုစဉ် ယွမ်ကျိုးက တံခါးကို အသံကျယ်လောင်စွာ ဆောင့်တွန်းဖွင့်လိုက်သည်။

သူက ဝူဟိုင်းကို ဖျတ်ခနဲ ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ လေသံဖြင့် စကားပြောသည်။
“ခင်ဗျားက တံခါးကို ရိုက်ချိုးလိုက်ရင် ကုန်ကျစရိတ်ကိုလည်း ခင်ဗျားပေးရမယ်။ ပြုပြင်ဖို့ အနည်းဆုံး တစ်ပတ်လောက် ကြာနိုင်တယ်”

ထို့နောက်  ယွမ်ကျိုးက သူ့နေရာသူ ပြန်သွားလိုက်ပြီး စားသုံးသူများကို ဆိုင်ထဲ ဝင်ခွင့်ပေးသည်။ ဝူဟိုင်းကို မြှောက်ပေးခဲ့သော ဖောက်သည်များက  ယခုတော့ ဝူဟိုင်းကို မသိကျိုးကျွံပြုကာ ဆိုင်ထဲဝင်ကြသည်။

“သူဌေးယွမ်၊ ဒီစကားပြောတာက ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူးလေ” ဝူဟိုင်းက အားတုံ့အားနာ ဖြစ်မိသော်လည်း ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားသည်။ သူက ယွမ်ကျိုးထံမှ သနားစာနာစိတ်ကို ရယူရန် ကြိုးစားသည်။

“ငါ့မျက်နှာလေးကို ကြည့်ပါဦး။ သုံးရက်လုံး မစားနိုင် မသောက်နိုင်နဲ့ သနားချင့်စရာ မကောင်းဘူးလား။ သူဌေးယွမ်ရယ် နောက်ဆို ကြိုတင်အသိမပေးဘဲ ဆိုင်ပိတ်တဲ့ လုပ်ရပ်မျိုး မလုပ်ပါနဲ့လား”

“ဒီလိုတော့ မပြောနဲ့လေ။ အသိပေးစာကို တံခါးမှာ ကပ်ထားခဲ့တယ်လေ”
ယွမ်ကျိုးက အားမနာစတမ်း တည့်တိုးပြောသည်။

“အသိပေးစာကို သူဌေးယွမ်က ဘယ်အချိန်ကပ်လိုက်တာလဲ။ ဒီအနီးအနားက လူတွေတောင် သတိမထားမိဘူး”
ဝူဟိုင်းက နေမထွက်ခင်တည်းက စားသောက်ဆိုင် ဝင်ပေါက်ကို စောင့်ကြည့်နေတတ်သည်။ သို့တိုင် ယွမ်ကျိုး၏ အရိပ်အယောင်ကိုပင် မမြင်တွေ့ရတတ်ပေ။

ယွမ်ကျိုးက သူ့ကို ပြန်မဖြေဘဲ ကြည့်နေရုံသာ ကြည့်နေလိုက်သည်။

သူ့အကြည့်တွင် စက်ဆုပ်သောခံစားချက်များ ရောယှက်နေခြင်းကို တခြားသူများလည်း သတိထားမိသည်။ ထို့ကြောင့် ဝူဟိုင်းက စကားလမ်းကြောင်းလွှဲလိုက်သည်။ “သူဌေးယွမ်၊ ဒီနေ့ ရှောင်လုံပေါင်း ရောင်းလား”

သူက ပုံမှန်မေးနေကျ အတိုင်း မေးမြန်းခဲ့ပြီး တိကျမှန်ကန်သော အဖြေကို မမျှော်လင့်ခဲ့ပေ။  သို့သော်လည်း ဤတစ်ကြိမ်တွင် သူဌေးယွမ်က သူ့ကို အံ့အားသင့်စေခဲ့သည်။
“ရောင်းတယ်”

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now