မျက်ဝန်းတစ်စုံရှေ့မှာ အရာအားလုံးက မည်းမှောင်သွားခဲ့ပြီးတော့ နားစည်နံဘေးမှာ လေတိုးသံသဲ့သဲ့လေးတွေ ကြားလာရသလိုလိုနဲ့။ အဲ့ဒီလူက ကျွန်မကို ပွေ့ဖက်ထားပေးရင်း ဖြည်းဖြည်းချင်း လိမ့်ဆင်းပြုတ်ကျလာခဲ့ကြတာ....သူက ကျွန်မကို ကယ်တင်ပေးတဲ့သူ....ကျွန်မကို ပွေ့ဖက်ထားရင်းနဲ့ လေထုလွင်ပြင်ကြီးထဲမှာ တစ်ပတ်ပြီးတစ်ပတ်....တစ်လှည့်ပြီးတစ်လှည့်....ဖြည်းဖြည်းချင်း ဝေ့ပတ်နေခဲ့တာ ၊ ကောင်းကင်ကြီးအပြည့် အလှဆွဲထားတဲ့ကြယ်လေးတွေကလည်း မိုးပေါက်လေးတွေလို ကျလာတော့မလား....မိုးကောင်းကင်တစ်ခွင် မြေပြင်တစ်ဆုံးမှာလည်း ကျွန်မကိုသာ ငေးကြည့်နေတဲ့သူ့မျက်ဝန်းတွေကလွဲ ဘာမှမရှိ....အဲ့ဒီမျက်ဝန်းတွေထဲမှာ ကျွန်မတစ်ယောက်တည်း....ကျွန်မ မူးလာပြီ....ကျွန်မ မူးသွားတော့မယ် ၊ သူ့ရင်ခွင်ထဲမှာ ဒီလိုမျိုးပွေ့ဖက်ခံထားရင်းပေါ့ ၊ ဟုတ်တယ်....အဲ့ဒီလူပဲ....ကျွန်မ နှစ်နှစ်ကာကာကိုချစ်မြတ်နိုးရတဲ့သူ ၊ သူကလည်း ကျွန်မကို နှစ်နှစ်ကာကာချစ်မြတ်နိုးမှန်း ကျွန်မသိတယ် ၊ သူသာရှိနေရင် ကျွန်မရဲ့စိတ်နှလုံးတွေ လုံခြုံနေရတယ်လေ။
အိပ်မက်တစ်ခုတည်းကို တစ်ကြိမ်ပြီးတစ်ကြိမ် မက်ခဲ့ပေမယ့် တကယ်တမ်း မတွေးမိတာကတော့ ကျွန်မ ရေနစ်ပြီးသေခါနီးမှာ ဘယ်သူမှ ကျွန်မကို လာမကယ်တင်နိုင်တာပါပဲ။
ကျွန်မ အိပ်မက်ထဲကသူရဲကောင်းလား....ကျွန်မကို လာမကယ်နိုင်ပါဘူး....
လီချန်းရင်လား....သူလည်း ကျွန်မကို လာမကယ်နိုင်ပါဘူး....
ကျွန်မက အလေးတုံးကြီးတစ်ခုလိုမျိုး ဟိုယိမ်းဒီယိမ်းနဲ့ တောက်လျှောက်ကိုနစ်သွားခဲ့တာ....ဘယ်လောက်တောင် ကြာသွားခဲ့မှန်းမသိ။ နှစ်တွေအကြာကြီး ကြာသွားခဲ့တာနဲ့လည်းတူလွန်းလှသလို အခုလေးတင်မှ အိပ်မက်ကနိုးလာတာနဲ့လည်း တူနေပြန်ရော။ ရင်ဘတ်ထဲမှာတင်းဆို့နေတဲ့ခံစားချက်ကြီးကို မခံနိုင်တော့ဘဲအဆုံးမှာ ပါးစပ်ကိုဖွင့်ဟပြီး ရေတွေအန်ထုတ်ပစ်မိလိုက်တော့တာပဲ။
YOU ARE READING
Eastern Palace [ ဘာသာပြန် ]
Historical Fictionမေ့လျောခြင်းမြစ်ရေဟာ နှလုံးသားခံစားချက်တွေအားလုံးကို မေ့ပျောက်သွားစေခဲ့ပေမယ့်.... အရာအားလုံး ပြန်လည်သတိရလာတဲ့အခါမှာတော့ သူမ ဘယ်လိုရွေးချယ်ရပါ့တော့မလဲ?
Chapter 22
Start from the beginning