အခန်း (၅)

Start from the beginning
                                    

"တို့ကို ဆက်သွယ်ရောပေါ့။ ခုနောက်ပိုင်း မြန်မာ လူငယ်တွေရဲ့ ပန်းချီလက်ရာက သြချရလောက်အောင် ကောင်းမွန်လာတာ။ မောင်က အဆက်အသွယ်သိပ်မလုပ်တတ်လို့သာပဲ။ မဟုတ်ရင် တို့လည်း ဒီ အဝန်းအဝိုင်းလေးကပဲမို့ လက်လှမ်းမှီတဲ့ ပန်းချီကားပုံတွေ အွန်လိုင်းပေါ်ကနေ လှမ်းပို့ပေးလို့ရတာပဲ"

"တို့က ဒီလိုမျိုး တစ်ယောက်တည်းပဲ နေတတ်တာကိုး လွှာ၊မဆက်သွယ်မိပေမယ့် လွှာ့ကိုတော့ စိတ်ထဲအမှတ်ရနေတာ။ အခု ပြန်ရောက်နေတာတောင် ဘာရယ်အဟုတ် ပြောပြလိုက်မိတာသာ ကြည့်။ ပြောပြလိုက်တာနဲ့ ရှင်က ရှင့်ပြခန်းကို လာဖို့ ဖိတ်ရောလေ၊ ကဲ"

"တို့က သတိရနေတာကိုး"

"ဒါနဲ့ လွှာ၊ ဟိုထောင့်နားလေးက ပန်းချီကားကို ဘယ်သူဆွဲတာလဲဟင်"

"ထောင့်နားလေးက"

"လွင့်မျော ဆိုတဲ့ ကား"

"သြော် ဒါကိုဆွဲတာ လူငယ် ပန်းချီဆရာမ တစ်ယောက်ပဲ။ သူ့ကားတွေထဲမှာ ဒီကားလေးက ရိုးရှင်းတဲ့အထဲပါတယ်။ တခြားကားတွေကျ မြင်တာနဲ့တောင် နည်းနည်း နားလည်ရခက်တာမျိုး။ တစ်ခုခုကတော့ အမြဲ နက်နဲနေပြီး အပေါ်ယံကြည့်ရင် ဖမ်းဆုပ်မိဖို့ မလွယ်ဘူး။ ဘာလဲ။ ဒီ ကားလေး မောင်ကြိုက်လို့လား"

"တို့ စိတ်ဝင်စားလို့၊ ဒါပေမယ့် သူက not for sale လေ"

"အင်း ဟုတ်တယ်။ သူက မရောင်းဘူး။ ပြခန်းမှာ ပြထားရုံပဲ။ တကယ်လို့ မောင် လိုချင်ရင် တို့ စုံစမ်းပေးမယ်လေ"

"နေပါ လွှာ။ အဲ့လောက်ထိလည်း မလိုပါဘူး"

"ဒါနဲ့ မောင်၊ ရော့"

ဝတ်လွှာက စက္ကူနဲ့လုပ်ထားတဲ့ အိတ်အကြီးကြီးထဲက တစ်စုံတစ်ခုကို ယူထုတ်လိုက်ပြီး ကျွန်မကို ပေးတယ်။

"ဟင်၊ ပန်းစည်းလေး"

ပန်းတွေမြင်တော့ ကျွန်မ မျက်နှာက လင်းခနဲ ဖြစ်သွားမှာ သိပါရဲ့။ ကျွန်မက ပန်းတွေကို ချစ်တာကိုးလေ။ ပန်းစည်းဆို အကြီးကြီးတွေထက် mini ပန်းစည်းလေးကို ကြိုက်တတ်တဲ့ ကျွန်မအကျင့်ကို လွှာမမေ့သေးဘူးထင်တယ်။ အဲ့ဒီအချိန်မှာ တစ်နေရာကနေ ပြုံးရိပ် ယဲ့ယဲ့ထင်နေတဲ့ ကျွန်မ မျက်နှာကို တစ်စုံတစ်ယောက် ကြည့်နေတယ်ဆိုတာ မသိခဲ့ဘူး။

ပန်း မြူ ရိပ် Where stories live. Discover now