"မကြောက်ပါနဲ့ ငါတို့မှာ ပြင်ဆင်ချိန်၂နှစ်တောင်ကျန်သေးတယ် ကြိုတင်ပြင်ဆင်လို့ရပါတယ်"

ဒီတစ်ခါကျ Rikuရဲ့လေသံဟာ လူကြီးတစ်ယောက်က ကလေးကို အားပေးသလိုလေသံမျိုးဖြစ်သွားပြန်တယ်။

"ဆရာ လာပြီ"

အတန်းရှေ့ဆုံးက ကောင်လေးတစ်ယောက်အော်သံကြောင့် အနောက်တန်းမှာစုနေတဲ့ကျောင်းသားတွေရော ကျောင်းသူတွေရော အပြေးအလွှား ကိုယ့်နေရာကိုယ်ထိုင်ကြတယ်။Maeda Rikuတစ်ယောက်ကတော့ စာအုပ်ကို လက်ညှိုးနဲ့လှည့်ပြီး Daeyoung ရဲ့ခုံဘေးကို အေးဆေးလာနေတယ်။မျက်နှာထားက အမြင်ကတ်စရာ။

ပျင်းဖို့ကောင်းတဲ့စာသင်ချိန်က နေ့တာရှည်သလောက်ကြာရှည်နေလိုက်တာ။Rikuက ခဲတံကို နားကြားညှပ်ပြီး ဘေးနားမှာ စာတွေဇွတ်တရွတ်လိုက်ကြည့်နေတဲ့ မှန်ကြောင် Daeyoung ကို စကားစပြောလိုက်တယ်။

"မင်းရော ၂၀၀၀ ခုနှစ်ရောက်ရင် ကမ္ဘာပျက်မယ်ဆိုတာ ယုံလား"

Daeyoung က "ရှူး" ဆိုပြီး နှုတ်ခမ်းပေါ်လက်ညှိုးတင်ပြီး တားတယ်။တားတိုင်းရပ်လိုက်တဲ့အထဲမှာ Riku မပါခဲ့။စာသင်စားပွဲပေါ်  ခေါင်းမှီအိပ်ချပြီး Daeyoung ဘက်ကို မျက်နှာမူထားတယ်။

"တကယ်လို့ တကယ်ကမ္ဘာပျက်မယ်ဆိုရင် မင်းဘာအရင်လုပ်ချင်လဲ"

တိုးညှင်းနဲ့ Rikuရဲ့အမေးစကားကြောင့် Daeyoung ရဲ့ စာရေးလက်စ လက်တွေက တွန့်သွားတယ်။ဟုတ်သားပဲ သူဘာလုပ်ရမလဲ။သူ့မှာ ဘာလုပ်စရာရှိသလဲ။ဘာမှလုပ်စရာမရှိရင်တောင် အနည်းဆုံတော့ ပြတင်းပေါက်က လေပူတွေကို မခံနိုင်တော့ဘူး ဘေးနားက တစ်တီတူးလို စကားအရမ်းများတဲ့ကောင်လေးရဲ့စကားတွေကို နားမထောင်ချင်တော့ဘူး။

Daeyoung က ရေးလက်စ စာကိုပဲဆက်ရေးပြီး ဘေးနားက ငနဲရဲ့စကားကို လျစ်လျူရှုလိုက်တယ်။

"ဂျပိုးကောင်"

Rikuက နှာခေါင်းရှုံ့ပြီး သူ့ကို အရေးမစိုက်တဲ့ Daeyoung ကို တိုးတိုးလေးပြောလိုက်တယ်။

"ဘာ"

ဒါဟာ သူတို့နှစ်ယောက် ဖြစ်နေကျ ရန်ဖြစ်ခြင်း စကားများခြင်းရဲ့အစပဲ။

SILENCEWhere stories live. Discover now