" အများကြီးကို.. မင်း..ဘယ်လိုစားကုန်မှာလဲ ငလူး.. "

" မပူနဲ့.. ဆီရယ်ကြက်သွန်ရယ်နဲ့ ရှယ်သုပ်ပြီး ဂိတ်ကဦးလေးကြီးတွေကို ကျွေးမှာမို့..။ ဒီနေ့က ငါ့အဖေ ငါးနှစ်ပြည့်သွားပြီလေ ငပြူးရ "

အချိန်တွေက ဘာလိုလိုနဲ့ငါးနှစ်တောင် ရှိသွားခဲ့ရပြီပေါ့။ ထွက်သွားခဲ့သူနဲ့ ကျန်ရစ်ခဲ့သူတွေကြားမှာ ဘယ်အရာတွေများ ကွာခြားသွားနိုင်လေမလဲ။

ဘဝသစ်ဆီ ရောက်ရှိသွားသူတစ်ယောက်က အနှောင်အဖွဲ့အသစ်တွေနဲ့ စတင်ရစ်ပတ်နေမိချိန်..၊ ဘဝဟောင်းမှာ ကျန်ရစ်ခဲ့ရသူတွေကတော့ အတူရှိခဲ့ကြတဲ့အတိတ်ကိုတောင် လက်မလွှတ်နိုင်ကြပေ။ ဖက်တွယ်ထားမိသမျှ လျော့တိလျော့ရဲ သံယောဇဉ်ကြိုးတွေခမျာ အမျှင်မပြတ်နိုင်ကြသေးသလို တမ်းတလွမ်းဆွတ်မှုတွေမှာလည်း ကိုယ်စီ မမှေးမှိန်နိုင်ကြသေးပါ။

" ကြီးမေ.. အဆင်ပြေရဲ့လား ငလူး "

" ပြေမပြေတော့ ငါလည်းမသိဘူး..။ ဆွမ်းကပ်ပြီးတည်းက အဖေ့ဓာတ်ပုံရှေ့ထိုင်နေတာ.. အခု ငါထွက်လာတဲ့အချိန်ထိပဲ "

" အင်းပေါ့.. ဦးကြီးကိုလွမ်းနေရှာမှာ.. "

ကံကြမ္မာရဲ့စီမံရာအောက်မှာ နေနေကြရတဲ့သူတွေဖြစ်လို့ အများသူငှါကဲ့သို့သော ကံတရားကို မလွန်ဆန်နိုင်တဲ့အထဲမှာ လူးလွန့်မောင်တို့မိသားစုလည်း အပါအဝင်ဖြစ်ခဲ့ရသည်။ ညအချိန်ကြီးမှာ တရားလွန်မောင်းလာတဲ့ ကားတစ်စီးက လမ်းဘေးကပ်လို့ အိမ်အပြန်လမ်းဆိုက်ကားနင်းလာတဲ့ ဦးမင်းနောင်ကို အရှိန်ပြင်းစွာဝင်တိုက်မိရာမှ နေရာမှာတင်ပွဲချင်းပြီး ဆုံးပါးသွားခဲ့ရသည်။

ဖခင်ဖြစ်သူကို နေ့မြင်ညပျောက်ဆုံးရှုံးခဲ့ရချိန်မှာ လူးလွန့်မောင်အသက်က ၁၃နှစ်အရွယ်လေး..။ ဒေါ်ဖြူဖြူမောင်ကလည်း ယောကျာ်းဖြစ်သူရဲ့အဖြစ်ဆိုးကို ကြားကြားချင်း လှေကားပေါ်ကပြေးဆင်းရာမှ ချော်လဲကျသွားတာကြောင့် ဗိုက်ထဲရှိဒုတိယကလေးမှာ ပျက်ကျသွားခဲ့ရလေသည်။

မကြာမခင်မှာတင် အသက်တစ်ချောင်းကို တန်ကြေးဖြတ်လာကြပြန်တော့..၊ တစ်ဖက်ကပေးလာတဲ့ လျော်ကြေးငွေတွေကို ဒေါ်ဖြူဖြူမောင်က တစ်ပြားတစ်ကျပ်မှမယူဘဲနဲ့ လူပုံအလယ်မှာတင် ငွေစက္ကူအထပ်လိုက်ကို လူ့အရေခြုံတွေရဲ့မျက်နှာတည့်တည့် အားရပါးရပစ်ပေါက်ကာ ပြန်ပေးလိုက်သည်လေ။ အဲ့ဒီအချိန်တုန်းကဆိုရင် တအားရဲရင့်ပြီး စိတ်ဓာတ်သန်မာလွန်းတဲ့ကြီးမေကို ခညောင်းဦးမယုံနိုင်ဖွယ်ပင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။

ငပြူးငလူး ( Completed )Where stories live. Discover now