အခန်း (၄)

Start from the beginning
                                    

"ဟုတ်လောက်တယ်။ ဒါပေမယ့်လို့ ငါ အဲ့ဒီဖက်ခြမ်းကို စိတ်မဝင်စားတော့ဘူး။ ဒီလောက်သွေးကြီးတဲ့ မိန်းမ။ဒီမိန်းမကပဲ အခု ငါ့ခေါင်းထဲ ပြည့်နှက်နေတယ်"

"စိတ်ကို အရင် အေးအောင် ထားပါ တေးမောင်။ ငါတို့လည်း ရှိတာပဲ။ စိတ်ပေါ့ပါးသွားအောင် လာမယ့်ဆန်းဒေး ရေကူးကြမလား"

မြူတေး တစ်ခုခုကို စဥ်းစားနေပုံပေါ်တယ်။ နောက်ပြီး နုရဲတဲ့ သူ့လက်ဖဝါးကို ဖြန့်ကြည့်လိုက်ပြီး စကားဆက်တယ်။

"​ငါလည်း စိတ်ထဲက အစိုင်အခဲလေးကို အရည်ဖျော်ချနေတာ သုံးရက်လောက် အခန်းအောင်းဖြစ်သွားတယ်။ဒီတစ်ခါ ရေကူးရင် ငါ့အိမ်မှာ စုမယ်"

"ဟင် ဟို ၊ ဟိုအန်တီက အိမ်မှာရှိနေရင် အဆင်မှပြေပါ့မလား"

"သိပ်ပြေတာပေါ့"

မြူတေးရဲ့ မျက်ဝန်းရိပ်ထဲက တစ်ခုခုကို နှိုင်းတို့ တွေ့လိုက်ရဲ့လား သေချာမပြောတတ်။ တွေ့လိုက်ရင်လည်း အဓိပ္ပါယ်ဖော်တတ်မယ်မထင်။ မြူတေးကိုယ်တိုင် ဝေဝါးတဲ့ စိတ်အာရုံနောက်ကို လိုက်ဖမ်းဆုပ်ရတော့မယ့်သူတစ်ယောက်နဲ့ အလားတူနေတယ်။

.................

ထုံးစံအတိုင်း တသီးတသန့် နေတတ်လွန်းလို့ ကျွန်မ ဘေးမှာ အသံတွေ တိတ်ဆိတ်နေတယ်။ အခန်းထဲမှာမို့ သဘာဝ စမ်းစီးသံ၊ လေပြေတိုက်ခတ်သံ စတဲ့ Silent Voice လိုမျိုး အသံတွေကအစ မကြားရအောင် တိတ်ဆိတ်မှုက ကြီးစိုးလို့။ ပန်းကနုတ်တို့နဲ့ ခမ်းနားစွာပုံဖော်ထားတဲ့ စားပွဲသေးသေးလေးပေါ်ကို အကြည့် ပြန်ရောက်သွားပြန်တယ်။

အနက်ရောင် ဖိတ်စာလေး။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ရောက်နေတဲ့ ဖိတ်စာ။ ငွေမှင်ရောင်တောက်နေတဲ့ ကြိုးပါးပါးလေးနဲ့ သိုင်းပတ်ထားတဲ့ ဖိတ်စာကတ်လေးဆီ လက်လှမ်းလိုက်မိတယ်။ ဖယောင်းတမျှ ညွှတ်ပြောင်းလှပတဲ့ လက်ချောင်းတွေနဲ့ ကိုင်ထားတဲ့အခါ ဖိတ်စာအနက်ရောင်လေးက ပိုပြီးထည်ဝါနေပါလိမ့်မယ်။

ဖိတ်စာပေါ်မှာ ရေးထားတာက တစ်လုံးတည်း။ မောင် တဲ့။ ဖွင့်ဖတ်လိုက်တော့ ထင်ထားတဲ့အတိုင်း နေ့ရက်၊အချိန်၊နေရာ အတိအကျရေးထားတဲ့ ပန်းချီပြခန်းဖိတ်ကြားလွှာ။ မောင် ဆိုတဲ့ နာမ်စားနဲ့ ရောက်လာတဲ့ဖိတ်စာ။နောက်ပြီး ဒီနာမ်စားနဲ့ဖိတ်စာမို့လို့ ဖိတ်ကြားသူ ဘယ်သူလဲဆိုတာ အတပ်သိလိုက်ရတယ်။

ပန်း မြူ ရိပ် Where stories live. Discover now