ငါကဗီလိန်ရဲ့ပါပါး

Start from the beginning
                                    

ကျိလဲ့ယွီအတွက် ဤကမ္ဘာကြီး၏ တည်ဆောက်ပုံမှာ ရိုးစင်းပေ၏။ သူ၏ နှလုံးသားထဲ၌ သူ၏အဖေ၊သူ၏အမေ နှင့် ကျိယွီရှောင်ဟူသော လူသုံးယောက်သာရှိပေသည်။

အမှန်တကယ်အားဖြင့် သူ၏မိဘများမှာ မရှိကြတော့ပေရာ  ကျိယွီရှောင်သည် စိတ်နှလုံးသားထဲက နှိုင်းယှဥ်မရနိုင်သော ပင်မဗဟိုချက်တွင် တည်ရှိနေပြီး ကျိလဲ့ယွီ၏ ကမ္ဘာကြီးတစ်ခုလုံး ဖြစ်လာ၏။

သို့သော် ယခု၌မူ ကျိယွီရှောင်၏ဘေး၌ လင်းလော့ချင်းလည်း ရှိလာပြီပင်။

ကျိယွီရှောင်က ထိုသူအား ကြိုက်နှစ်သက်ပေရာ ကျိလဲ့ယွီကလည်း လင်းလော့ချင်းကို သဘောကျနှစ်သက်ပေးရန် ဆန္ဒရှိပေ၏။

သို့သော်ငြားလည်း ယနေ့မတိုင်မီကပင် ကျိလဲ့ယွီသည် ကျိယွီရှောင်က သူ၏ပါးပါးဖြစ်လာခြင်းကို သိရှိရ၍ အံ့အားသင့်ခဲ့ရပြီးဖြစ်ရာ လင်းလော့ချင်းကိုလည်း ဤသဘောတရားအရ သူ၏အမေအဖြစ် သော်လည်းကောင်း နောက်ထပ်ပါးပါးတစ်ယောက်အဖြစ် သော်လည်းကောင်း မှတ်ယူနိုင်ပေသည်။

ယခုကဲ့သို့ပင် လင်းလော့ချင်းသည် သူ့အား ကျောင်းပို့ကျောင်းကြိုပေးမည်၊ ထမင်းအတူတူစားပေးမည်၊ ရေချိုးပေးပြီး တစ်ချိန်က သူ၏မေမေ လုပ်ပေးခဲ့သည့်အတိုင်း လုပ်ပေးလာလိမ့်မည်။

သူသည် လင်းလော့ချင်းကို ကြည့်နေလိုက်သည်။ လင်းလော့ချင်းကား ခေါင်းငုံ့လျက် ရေချိုးဆပ်ပြာဖြင့် ကျိလဲ့ယွီအား ကိုယ်တိုက်ပေးနေ၏။ သူသည် အတည်ပေါက်ကြီး လုပ်ပေးနေရာ အချိန်တစ်ခဏမျှကြာပြီးနောက် ကျိလဲ့ယွီအား ဆပ်ပြာပူဖောင်းအမြှုပ်များ ဖုံးလွှမ်းသွားသည်။

လင်းလော့ချင်း ခေါင်းမော့လိုက်ပြီး ကျိလဲ့ယွီအား ပြုံးပြလာ၏။ သူ၏မျက်၀န်းများကား သူ့မေမေအတိုင်း ကြင်နာနူးညံမှုတို့ဖြင့် ပြည့်နှက်နေပေသည်။

ကျိလဲ့ယွီခေါင်းငဲ့၍ ထိုသူအား လေးလေးနက်နက် စိုက်ကြည့်နေ၏။

"သားဘာလို့ ရှုရှုကို ဒီလိုကြည့်နေတာလဲ..." လင်းလော့ချင်း သိချင်စိတ်ပြင်းပြစွာ မေးလာ၏။ "ရှုရှုမျက်နှာပေါ်မှာ တစ်ခုခုရှိနေလို့လား..."

ငါကဗီလိန်ရဲ့ပါပါးWhere stories live. Discover now