" အလင်း ... အလင်း "

ဆို့နင့်နေသောခံစားချက်ကြောင့် အလင်းနာမည်ကိုသာတွင်တွင်ခေါ်နေမိတော့သည်။ စကားလုံးတို့သည် လည်ချောင်းထဲမှာပင်တစ်ဆို့နေရလေတော့၏။

" ရှိန်း စိတ်အေးအေးထား ။ ငါရှိနေတယ်လေ ။ ငါရှိနေလို့စိတ်အေးအေးထားပြီး ဘာဖြစ်လို့လဲဆိုတာကိုပြောပြနော်"

ကိုယ်ကျောပြင်ကို အသာဖွဖွပုတ်ပေးနေရင်း ကိုယ့်မျက်ရည်တွေကိုလည်းသုတ်ပေးနေပြန်၏၊ နှစ်သိမ့်စကားကြောင့် အသက်ဝအောင်ရှုပြီး အငိုတိတ်ဖို့အရင်ကြိုးစားရသည်။ ပြီးမှ

" တရားစခန်းက ကြီးငယ်အသိအန်တီ ဖုန်းဆက်ပေးလာတယ်။ ကြီးငယ် တရားစခန်းမှာမူးလဲသွားပြီး သတိလစ်သွားလို့ဆေးရုံပို့ထားရတယ်တဲ့။ ငါတို့ဘာလုပ်ကြမလဲဟင်။ ဘာလုပ်ကြမလဲလို့"

ကြားရသည့်စကားကြောင့် လင်းမြတ်လည်း ထူပူသွားရတော့သည်။ ဒီလိုသတင်းဆိုးကို ပထမဆုံး နားနှင့်ဆက်ဆက်ကြားလိုက်ရသည့်ရှိန်းအတွက်လည်း စိတ်မကောင်း။ စိုးရိမ်စိတ် များကြောင့် သတိလက်လွတ်ဖြစ်နေသည့်ရှိန်းကို သတိဝင်အောင် ပခုံးနှစ်ဖက်မှကိုင်ပြီးလှုပ်ခါလိုက်ရသည်။

" ရှိန်း သတိထားစမ်း။ ငါတို့ဆေးရုံလိုက်သွားရမယ်လေ။
ဘယ်ဆေးရုံလဲဆိုတာ မင်းသိလား "

" သိ ... သိတယ် "

" သိရင် အခုလိုက်သွားရအောင် "

ရှိန်းကိုဆွဲခေါ်ကာ ပြေးထွက်ခဲ့သည့်ကိုယ့်လက်ဖျားများသည်အေးစက်ကာနေပေလိမ့်မည်။ ကိုယ်နှင့်ရှိန်းကို ပြုစုပေးခဲ့သူ၊ကိုယ်နှင့်ရှိန်းကို အရိပ်တစ်ခုသဖွယ်မိုးပြီး တံတိုင်းကြီးတစ်ခုပမာကာရံပေးခဲ့သူ။ ကိုယ်တို့နှစ်ယောက်အတွက် မိသားစုတွေကြားထဲက ချစ်ခြင်းမေတ္တာနှင့်သံယောဇဉ်ဆိုတာကို သိနားလည်အောင်နွေးထွေးပေးခဲ့သူ။ အရိပ်ခိုလှုံစရာရွှေတောင်ကြီးပြိုသွားမှာကြောက် လှ၏။ ကြီးငယ် ဘာမှမဖြစ်ပါနှင့်ဆိုသည့်ဆုတောင်းကိုသာ အကြိမ်ရာထောင်ချီဆုတောင်းနေမိတော့သည်။

ဆေးရုံကိုရောက်သည့်အချိန် ကုတင်ပေါ်တွင်ငြိမ်သက်စွာလဲလျောင်းနေသည့်ကြီးငယ်။ ပိတ်ဖြူစကို မျက်နှာအထိလုံအောင်ခြုံလွှမ်းထား၏။ ကြီးငယ်ဘာမှမဖြစ်ပါစေနှင့်လို့ လမ်းတစ်လျှောက်လုံးဆုတောင်းပေးခဲ့သည့် ကိုယ့်ဆုတောင်းကို ဘယ် ဘုရား၊ ဘယ်တန်ခိုးရှင်မှကြားဟန်မတူ။ သေခြင်းတရားဆိုတာကို မျက်မြင်ကိုယ်တွေ့ကြုံရဖို့ ကိုယ်တို့အရွယ်တွေသည်ငယ်သေးတယ်ထင်တာပါပဲ။ လောကဓံက ရက်စက်လွန်းလှလေသည်။ ရှိန်း၏ ကလေးငယ်ပမာ အော်ဟစ်ငိုကြွေးသံသည် ကမ္ဘာပျက်သံထက်ကို ပိုပြီးကျယ်လောင်လေသည်။ ကိုယ့်လိုပဲသေခြင်းတရားကို ပထမဆုံးမျက်မြင်ကြုံရသည့်ကောင်လေး ၏ ထိတ်လန့်မှုနှင့်ဝမ်းနည်းမှုက ဖြေဆည်နိုင်စရာမရှိချေ။

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now