အပိုင်း ၄

Start from the beginning
                                    

“ရွာပြန်ရင် အလည်ခေါ်မယ်ပြောထားတာကို ကြီးကြီးမြ မှတ်မိပါတယ်ကွယ်”

“ဘယ်ကိုလိုက်ချင်နေရတာလဲ ဒေါ်ဒေါ်မြက အပျော်သွားတာမဟုတ်ဘူး မဖြစ်မနေမို့သွားရမှာ”

ဖေဖေကဖြတ်၍ပြောလိုက်သဖြင့် အညို့စိတ်ထဲတွင် စီစဉ်ထားသမျှအကုန်ပျက်ပြီလို့ထင်ခဲ့မိ၏။သို့ပေမယ့် မမြိုင်ကဝင်၍ထောက်သဖြင့် အသက်ရှုချောင်ရ၏။

“ဖေဖေကလည်း ကာယကံရှင်ကြီးကြီးမြကို မေးလိုက်ပါအုံး အညိုလည်း အပြင်မထွက်ရတာကြာပြီဘဲကို သူလည်းသွားချင်မှာပေါ့ ဖေဖေကလည်း”

မမြိုင်က ကြီးကြီးမြအားမျက်ရိပ်မျက်ကဲပြလိုက်သည်ကို ဖေဖေနှင့်မေမေ မတွေ့လိုက်ပါ။

“ဟုတ်သားဘဲမောင်မှိုင်းသာရယ် အညိုလေးလည်းလိုက်ချင်မှာပေါ့ ဒေါ်ဒေါ်မြအဆင်ပြေပါတယ်ကွယ်”

“ဒေါ်ဒေါ်မြ အဆင်ပြေရင်ပြီးတာပါဘဲ ဒါဆိုဒေါ်ဒေါ်မြနဲ့ အမောင့်အတွက် ကျွန်တော်ရထားလက်မှတ်ဝယ်ခိုင်းထားလိုက်ပါ့မယ်”

“မောင်မှိုင်းသာ အဆင်ပြေသလိုသာ စီစဉ်ပေးပါကွယ်”

အားလုံးထမင်းစားပြီးချိန်တွင် မေမေကအညို့အား ဖေဖေနှင့်မေမေ၏ အိပ်ခန်းထဲသို့ခေါ်သွား၏။

“အဲ့မှာခဏထိုင်နေ”

မေမေက အညို့အားမေမေတို့ကုတင်ပေါ် ခဏထိုင်စေပြီး အခန်းတွင်းရှိ သစ်သားဗီရိုကြီးအား မေမေ့ခါးတွင်ထည့်ထားသော သော့တွဲထဲမှ သော့တစ်ချောင်းဖြင့် ဖွင့်လိုက်သည်။ထို့နောက်ဗီရိုထဲမှ ယွန်းသေတ္တာဘူးလေးအား ထုတ်ယူလာခဲ့၏။

“ရော့ ဝတ်လိုက်”

အညို့မျက်စိအညိုမယုံနိုင်သည်မှာ အညို့အရှေ့သို့မေမေပေးလာခဲ့သော ပတ္တမြားလက်စွပ်ကြောင့်ဖြစ်သည်။

“ဒါဘာအတွက်လဲ မေမေ”

“မင်းဟိုရောက်လို့ လူတွေက ဦးမှိုင်းသာ၊ဒေါ်လှစိန်တို့ရဲ့သားက အရောင်မှိန်နေတာဘဲလို့ အပြောမခံစေချင်လို့ မင်းအဖေက ဆင်ခိုင်းလိုက်တာ”

လက်ထဲမှ ပတ္တမြားလက်စွပ်အား လက်သန်းကြွယ်၌ ဝတ်လိုက်၏။ထို့နောက် လက်ဖြန့်ကာ လက်ဖမိုးအားပြန်ကြည့်မိ၏။

ပန်းပန်ရင်နန်းဆန်တယ် (Completed)Where stories live. Discover now