ဪ ဒါတောင် ကောင်လေးက ဆေးကျောင်းသားတဲ့ဗျာ။
သဘောတကျပြုံးလိုက်မိရင်း ပန်းစည်းကို အာရုံပြန်ရောက်တော့ ပို့စ်ကတ်လေးပါလာသည်။
*အစ်ကို့ ဆံပင်တွေကြား ကြယ်ပန်းလေးတစ်ပွင့် ထိုးကြည့်ချင်တယ်*
ပေါက်ကရဆိုတာ ဒီလိုတွေဖြစ်သည်။ ရှစ်နှစ်ကွာသည့် အသက်အရွယ်နှင့် သူ့လို ရှေ့နေတစ်ယောက်၏ ဆံပင်ကြား ကြယ်ပန်းတစ်ပွင့်တောင် ထိုးကြည့်ချင်ရတယ်လို့ပဲ။
ထိုကောင်လေးက အေးအေးကုပ်ကုပ်လေးဖြင့် ရိုးဂုဏ်ဆောင်သည့် လူလိမ္မာလေးဖြစ်သည်။ သို့သော် ထိုအရေခွံလေးအောက်တွင် အမြဲလွဲတတ်သည့် ဗီဇလေး ရှိနေလေသည်။ ထိုဗီဇလေးကိုလည်း လူမသိအောင် ဖုံးထားတတ်သေးသည်။
ထိုကောင်လေး၏ ရုပ်တည်ဖြင့် လူမသိသူမသိ ပေါက်ကရအလွဲတွေက ကြားလိုက်ရသည့်အခါတိုင်း သူသဘောတကျ ပြုံးရယ်မိစမြဲ။
~*~
တူခနဲ ဝင်သွားသည့် ဖုန်းကို ဧကနောင် စောင့်နေပေမယ့် တစ်ဖက်က မကိုင်။
နာရီကို ကြည့်တော့ ညရှစ်နာရီ။
မနေ့က တစ်နေကုန်လည်း ဖုန်းခေါ်၍ မရခဲ့သည့် ကောင်လေးက ဘယ်ပြေးပြန်တယ်မသိ။
သူ့ဘာသာ ဖွင့်ပြောပြီးကာမှ ပတ်ပြေးပြန်သည့် ချာတိတ်က တကယ် ဘယ်လိုဟာလေးမှန်းမသိ။
အခုအချိန်ထိ အဆက်အသွယ်ပြတ်သွားသည်တွင်တော့ ဧကနောင် ကားသော့ကို ဆွဲ၍ ထွက်လာရတော့သည်။
သူတို့ကျောင်းနှင့်နီးအောင် ကိုယ်တိုင် ရှာငှားပေးထားသည့် တိုက်ခန်းဆီ ဖြစ်သည်။
အစက ကောင်လေးက သူ့သူငယ်ချင်းများဖြင့် ကျောင်းက အဆောင်တွင် နေတာဖြစ်သည်။ ဒုတိယနှစ်တွင် စိတ်မချစရာ ထလုပ်သည့် ကောင်ပေါက်စကြောင့် သူ့အဒေါ်ဆရာမကိုယ်တိုင် ဧကနောင်ဆီ အပ်ခဲ့ခြင်းဖြစ်သည်။
တိုက်ခန်းတွင် အိပ်ခန်းနှစ်ခန်းပါသည်။ တစ်ခန်းသည် ဧကနောင်၏ အခန်းဖြစ်ပြီးတိုက်ခန်းခကို တစ်ဝက်စိုက်ထားသည်ကြောင့်ဟုဆိုလည်း မမှား။
ဘယ်အချိန်မဆို သူ ဝင်ထွက်ခွင့်ရှိပေမယ့် အလုပ်နှင့်နီးသည့်နေရာတွင်သာ ဧကနောင်က အနေများသည်။
တိတ်တခိုးလေးမှ တရားဝင်အကြင်လင်သို့
Start from the beginning