91-ချန်းသန်းနတ်ကွန်းမှ အတောမသတ်နိုင်သော အလင်းများဖြင့် တောက်ဖြာရစ်ဝဲခဲ့သော တစ်ည

699 100 5
                                    

|| ချန်းသန်းနတ်ကွန်းမှ အတောမသတ်နိုင်သော အလင်းများဖြင့် တောက်ဖြာရစ်ဝဲခဲ့သော တစ်ည [ အပိုင်း ၁ ] ||

တစ်ယောက်ယောက်က သူ့ဆီ အရက်ခွက်ကို ကမ်းပေးလိုက်လိမ့်မယ်လို့ ရှဲ့လျန်လုံးဝ မထင်ထားခဲ့ဘူး ။

သူ့ရဲ့ တုန့်ပြန်မှု မြန်လွန်းတာကိုပဲ အပြစ်တင်ရမလားတော့မသိ ။ သူဟာ နှစ်ခါမစဉ်းစားဘဲ ခွက်ကို လှမ်းယူလိုက်မိပြီးမှ ချက်ချင်းဆိုသလို အေးခဲတောင့်တင်းသွားတယ် ။ ဒါပေမဲ့ အရက်ခွက်ကမ်းပေးတဲ့ သူကို လှည့်ကြည့်လိုက်ချိန် တစ်ဖက်လူကလည်း အံ့အားသင့် မှင်တက်လို့နေတယ် __ အဲဒီသူက မင်ရီ ပဲ ။

ဖြစ်ပုံက အစောပိုင်းမှာ အရက်ခွက်ဟာ ရှီးချင်းရွှမ်လက်ထဲရောက်နေတာ ။ ရှီးချင်းရွှမ်က ပျော်စရာကောင်းတယ်လို့ ယူဆပြီး တမင်ရည်ရွယ်ကာ မင်ရီဆီ ပေးပစ်ခဲ့တယ် ။ ဒါပေမဲ့ မင်ရီက အဝအပြဲစားသောက်နေတာကြောင့် မော့တောင်မကြည့်အားဘဲ အရက်ခွက်ကို ကြုံသလို ကမ်းပေးလိုက်ပြီးမှ ဘာတွေဖြစ်ပျက်သွားလည်းဆိုတာ သူသဘောပေါက်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွားတယ် ။ အဲဒီအချိန်မှာပဲ မြည်ဟည်းနေတဲ့ မိုးခြိမ်းသံဟာ ရပ်တန့်သွားပြီး နှစ်ယောက်သားသာ ကြောင်စီစီကြည့်ရင်း ကျန်နေခဲ့တော့တယ် ။

အရက်ခွက်ကို လက်ခံရရှိတာ ရှဲ့လျန်ဖြစ်ပေမဲ့ အားလုံးရဲ့ မျက်လုံးတွေက ဖုန်းရှင့်နဲ့ မုချင်ဆီ ရွေ့သွားကုန်ကြတယ် ။ ဒါက ဘာကြောင့်လဲဆိုတာတော့ နားလည်ရမခက်ပါဘူး ။ ရှဲ့လျန်က နှစ်ရှစ်ရာလောက် သတင်းမကြား အစအနပျောက်နေခဲ့တာလေ ။ တကယ်လို့ လွန်ခဲ့တဲ့ နှစ်ရှစ်ရာကသာဆိုရင် ပုံမှန်အားဖြင့် သူ့ရဲ့ သူရသတ္တိကို သရုပ်ဖော်ပြတဲ့ ပြဇာတ်တွေ မြောက်မြားစွာ ရှိမှာ ဖြစ်ပေမဲ့ ဒါတွေဟာ ပျောက်ကွယ်သွားခဲ့တာ ကြာပြီ ။ ဒါ့အပြင် ဒီနေ့ ဒီလိုရက်မျိုးမှာ သူ့အကြောင်းပြဇာတ်ကို အခုလိုစင်မြင့်ပေါ်မှာ တခုတ်တရ ကပြမဲ့သူလည်း မရှိနိုင်ဘူး ။ ဒါကြောင့် တကယ်လို့ " ရှန်းလာ့ အိမ်ရှေ့စံ " ဆိုတဲ့ ဇာတ်ရုပ်ကို ရှာထုတ်လာရမယ်ဆိုရင်တော့ ဖုန်းရှင့်နဲ့ မုချင်တို့ အဓိက ဇာတ်ဆောင် အဖြစ် သရုပ်ဆောင်တဲ့ ပြဇာတ်တွေထဲမှာ သွားကြည့်မှပဲ ရှိနိုင်မယ် ။

ထျန်းကွမ်းစစ်ဖူ (volume 3 Unicode)Where stories live. Discover now