မြင်းကမလှုပ် ခုံကလှုပ်ဆိုသည့် အဖြစ်မျိုးဖြစ်နေပြီလားလည်း မပြောတတ်ပါ။အဲ့သည့်နေ့ သူဂျောင်ကုကို"ဂျောင်ကု ကျွန်တော့်ကိုလက်ထက်ရမယ်"ဆိုသည့် စကားပြောပြီးကတည်းက ကောင်လေးကရှောင်နေခဲ့သည်။သူ့ကို ရှက်သွားတာလား၊ကြောက်သွားတာလားလည်း မပြောတတ်။
အမှန်တိုင်းဝန်ခံရရင် ဆော့ဂျင် သည်စကားပြောခဲ့တာ စနောက်ခဲ့ခြင်းလည်းမဟုတ်ပါ။ရင်ထဲကလာသည့်အတိုင်း အပွင့်လင်းဆုံးပြောခဲ့တာဖြစ်သည်။မိမိကိုယ်တိုင်ကို က သည်ကောင်လေးအပေါ် မေတ္တာတွေယိုဖိတ်နေတော့လည်း မထိန်းနိုင် မသိမ်းနိုင်ပြောခဲ့မိတာကိုပဲ ရှက်မိပါသည်။
သူ့ကိုမေတ္တာထားကာ လက်ထက်ချင်ပါတယ်ဆိုတဲ့ ထယ်ယောင်းအပေါ်ကျ မိတ်ဆွေတစ်ဦးထက်မပိုနိုင်ပါပဲ သည်လို ဂျစ်တူးတူး၊အရှက်ကြီးကြီး ကောင်လေးပေါ်မှာမှ ချစ်မြတ်နိုးစိတ်ဝင်မိနေတာ ရယ်ချင်စရာများ ကောင်းနေမလားပါပဲလေ။
ဆော့ဂျင်သည်အကြောင်းတွေ တွေးလေလေ စိတ်ထဲဝမ်းနည်းကာ ငိုချပစ်ချင်လေလေပင်။သူဂျောင်ကု အပေါ်ထားတဲ့မေတ္တာတွေက အဆိပ်များဖြစ်သွားလေသလား။ကျောင်းဆရာတစ်ယောက်ဖြစ်ပါရက်နဲ့ အိန္ဒြေမရှိ၊သိက္ခာမရှိသည့် သူတစ်ယောက်လို့ ဂျောင်ကု မြင်သွားလေသလား။
သေချာသည်ကတော့ သူဂျောင်ကုနှင့်တွေ့ကာ သေချာရှင်းပြဖို့လိုအပ်ပါသည်။
"ဆရာလေး...ဟင်းတွေထည့် စားလေ.ဘာဖြစ်လို့လဲ...နေမကောင်းဘူးလား"
အမြဲလိုလိုအေးချမ်း ကြည်စင်နေသည့် မျက်နှာလေးက ငြိုးငယ်နေသည်မို့ ဟိုဆော့က စိတ်ပူပြီးမေးလေသည်။
"ကောင်းပါတယ်ဟိုဆော့ရယ် ကျွန်တော်ဘာမှမဖြစ်ပါဘူး"
"နေမကောင်းလည်း ပြောနော်ဆရာလေး မပြောပဲမနေနဲ့..ရောဂါပိုကြီးသွားလိမ့်မယ်"
ဂျွန်မေကြီးကလည်း စိတ်ပူစွာထပ်ပြောလာသည့် စကားများကိုဆော့ဂျင်ပြုံး၍ခေါင်းပဲငြိမ့်ပြမိသည်။ရင်ထဲက ခံစားနေရသော ဝေဒနာအပူမီးတွေကြောင့် အပြုံးတွေကလည်းမပီပြင်လှပါ။
"သည်နေ့ကော ဂျောင်ကု ပြန်မလာဘူးလား"
"မလာဘူး...ဆရာလေးရဲ့..ဘာဖြစ်တယ်မသိပါဘူးဗျာ..အိုးရုံမှာပဲအိပ်မယ်ချည်းလုပ်နေတာ..ထမင်းချိုင့်တောင် အစ်ကိုကြီးတို့က သွား သွားပို့နေရတယ် ကြည့်ရတာ ဒီကောင်စာမသင်ချင်လို့ထင်ပါတယ်ဆရာလေးရာ...အလုပ်ရှုပ်ခံပြီးသင်ပေးမနေတော့ပါနဲ့"