🍎

610 50 13
                                    

ငယ်ငယ်ဟာ သူ့အတွက် ပန်းသီးနီနီရဲရဲလေး တစ်လုံးနဲ့ တူတယ်။

စတွေ့ကတည်းက ရင်ထဲ ဖြစ်တည်လာတဲ့ မြတ်နိုးမှုကလေးက ယခုထက်ထိတိုင် တစ်စက်မှ လျော့မသွားတာဟာ ကိုယ့်ကိုကိုယ်ပင် အံ့ဩရတဲ့အထိ။

"အရင်လိုပဲ ချစ်သေးရဲ့လားဟင်"

လို့ သည်းကလေးငယ်ငယ်က မေးတိုင်း ငယ်ငယ့်ပါးတွေ ပန်းသီးနီလေးလို ရဲတက်လာတဲ့အထိ အနမ်းတွေပေးရင်း

"မနေ့တုန်းကထက် ဒီနေ့မှာပိုလို့ချစ်နေကြောင်း" ပြန်ဖြေဖြစ်တယ်။

ငယ်ကချစ် နှစ်တစ်ရာဆိုတာ တကယ်တော့ အမှားကြီး။
သူ့အတွက်တော့ ငယ်ကချစ် နှစ်သန်းပေါင်း မကုန်နိုင်ရာ။

ငယ်ငယ်ဟာ သူ့ရဲ့ ငယ်ရည်းစား အချစ်ဦး။

ဆယ်ကျော်သက် ရင်ခုန်သံရဲ့ အစပထမ,ဟာ ငယ်ငယ်ဖြစ်ပြီး နောက်ဆုံးထွက်သက်အထိ အနားမှာရှိသွားချင်တဲ့ အသက်ဓာတ်ကလေးကလည်း ငယ်ငယ်သာ ဖြစ်ရပါတယ်။

🍎

သူ့အသက် ၁၃နှစ်မှာ ငယ်ငယ်ဟာ သူ့ဘဝထဲကို ပန်းသီးလေးတစ်လုံးလို လှိမ့်ပြီးဝင်လာခဲ့တယ်။

ဆောင်းဦးရာသီရဲ့ တစ်နေ့လယ်ခင်းမှာ။ နေရောင်ခြည်နွေးနွေးက စာသင်ခန်းပြတင်းမှန်မှ သူ့ရဲ့ ခုံပေါ်သို့ ဖြတ်သန်းကျရောက်နေပြီး မြောက်လေဖြည်းဖြည်းကြောင့် အစိမ်းနုရောင် ခန်းစီးလေးဟာ ဟိုလွင့်ဒီလွင့်။

ဒီလိုမျိုး ပျင်းရိစရာ ရာသီဥတုမှာ အတန်းရှေ့က သမိုင်းဆရာရဲ့ လေးပင်တဲ့ အသံဟာ Wonwoo ရဲ့ နားထဲကို ဝင်တစ်ချက် မဝင်တစ်ချက်။ သူ့ရဲ့ စိတ်အာရုံတွေ ပျံ့လွင့်နေခဲ့တာဟာ

"ဘေးနားမှာ ထိုင်လို့ရမလား" ဆိုတဲ့ အသံလေး သူ့အာရုံထဲကို တိုးဝင်မလာခင်အထိပဲ ဖြစ်တယ်။

သူ့ဘက်က တစ်စုံတစ်ရာ မပြောရသေးပါဘဲ သူ့ဘေးနားကို ဝင်ထိုင်တဲ့ အနီရောင် အလုံးလေး။

ငယ်ငယ်ဟာ ထိုနေ့က လေဖောင်းအင်္ကျီအနီရဲရဲလေးအောက်မှာ နစ်မြုပ်နေတဲ့ အကောင်သေးသေးလေးနဲ့ တူနေခဲ့တာပဲဖြစ်တယ်။

"ဖတ်စာအုပ်မပါလို့ အတူကြည့်အောင်" ဆိုပြီး သူ့အနားတိုးကပ်လာတဲ့ ငယ်ငယ့်ဆီက ပန်းသီးနံ့မွှေးမွှေးလေး ရတယ်။

ငယ်ငယ်ဟာ သူ့အတွက် ပန်းသီးနီကလေး တစ်လုံးဖြစ်တယ်Where stories live. Discover now