ကားမမောင်းသေးဘဲ သူမဆေးလိမ်းတာကို စောင့်နေပေးသည်။ ညာဘက်လက် နာသွားခြင်းဖြစ်၍ ဘယ်ဘက်လက်နှင့် ဆေးကိုကော်ယူပြီး လိမ်းနေပေမဲ့ မထိရောက်။

“အဟမ်း….ဟို….မလေးနွယ်ရုံ စိတ်မရှိဘူးဆိုရင် ကျွန်တော်လိမ်းပေးလို့ရပါတယ်….”

“ဪ…ဟုတ်…လိမ်းပေးရင်တော့ ကောင်းတာပေါ့ရှင်…ကျွန်မက ဘယ်နဲ့ဆို လက်မသန်လို့….”

ညီသစ်ထူးဆေးမလိမ်းခင် သူ့ကုတ်အင်္ကျီကို အရင်ချွတ်သည်။

“ရော့…. မလေးနွယ်ရုံ ဒါလေးခြုံထားပါဗျ…မလေးနွယ်ရုံအင်္ကျီက တိုနေလို့…..”

သူမျက်နှာပူပူနှင့်ပြောပြီး အင်္ကျီကိုပေးလိုက်သည်။မပေးလို့ကလည်း မဖြစ်။သူမအရပ်က ပင်တိုင်စံထက်ပိုမြင့်ပုံရသည်။ အင်္ကျီကသူမနှင့်ကျ တိုလွန်းပြီး ပေါင်ရင်းနားအထိရောက်နေသည်။လေးနွယ်ရုံက သူ့ဘေးက ခုံမှာထိုင်နေခြင်းဖြစ်၍ သူမပေါင်တွေကို မြင်ရချိန်မှာ သူမျက်နှာမထားတတ်ပေ။ယောက်ျားမျက်လုံးဆိုတော့ မကြည့်မိအောင် သိက္ခာနှင့်ထိန်းပေမဲ့ မျက်လုံးက ရောက်ရောက်သွားသည်။

“ကျေးဇူးတင်ပါတယ်.. ကိုညီသစ်ထူး….”

လေးနွယ်ရုံ ညီသစ်ထူးပေးသည့် အင်္ကျီကို သူမပေါင်ပေါ် လွှမ်းခြုံပြီး ဆေးဘူးလေး ထိုးပေးလိုက်၏။

သူ ခန္ဓာကိုယ်ကို ပြင်ထိုင်ပြီး သူမဘက်တည့်တည့်လှည့်သည်။ဆေးတစ်တို့လောက်ယူ၍ သူမထိုးပေးထားသည့်လက်ကောက်ဝတ်နားကို လိမ်းပေး၏။အထိန်းမပါသည့်လက်ကို လိမ်းရခြင်းဖြစ်၍ အဆင်မပြေလှပေ။
သူဆေးလိမ်းတိုင်း သူမလက်ကအောက်ကို ဆိုက်ဆိုက်သွားသည်။

“ကျွန်တော် လက်ခဏကိုင်မယ်နော်….”

“ရှင်….”

နွယ်ရုံ့မှာ ရှင် တစ်လုံးပဲထွက်ရသေးသည်။သူ့လက်တွေက သူမလက်ဖဝါးကို ထိန်းကိုင်၍ လက်ကောက်ဝတ်အနားကိုတောင် ပွတ်လိမ်းပေး‌နေပြီ။

' အယ် သူကမေးလည်းမေးသေး….အဖြေတောင်မစောင့်ဘူးတော့…..'

ဆေးလိမ်းလို့ပူသည်လား…ရှက်၍ ပူသည်လားတော့ နွယ်ရုံမသိ…ပူတော့ ပူနေသည်။

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now