ဟွမ်းချင်က တန်းခွဲ(၁)၏ စာပေလေ့လာရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ကျိုးချန်က တနင်္လာနေ့နံနက်တိုင်း ခွန်အားဖြစ်စေမည့်ဆောင်ပုဒ်များကို ကျောက်သင်ပုန်းထောင့်တွင်ရေးရန် သူမအား တာဝန်ပေးထားသည်။ သူမက အရပ်မမှီသဖြင့် ခုံတစ်ခုသွားရှာမည်ပြုသော်လည်း ထောင်ရှီးဖြတ်သွားသည်ကို မြင်သောအခါ အကူအညီတောင်းရန်သာ ဆုံးဖြတ်လိုက်သည်။

ထောင်ရှီးမှာ ကြောင်အမ်းသွားပြီး ပထမဆုံးသတိရမိသည်က လင်ချင်းဟယ်ကို ရေးပေးခဲ့သည့် သုံးသပ်စာစောင်ကိုပင်။

သို့သော် သူ ဟွမ်းချင်ကို ဖြောင့်မတ်သည့် လူကောင်းတစ်ယောက်ဟုလည်း ထင်မိသည်။ ထောင်ရှီးမှာ သူမနှင့် တစ်ခေါက်သာ စကားပြောဖူးသည့်အပြင် သူမက စာကိုသာ အာရုံစိုက်ထားတတ်သူတစ်ယောက် ဖြစ်သောကြောင့် ကျန်းရှင်းယွင်ကဲ့သို့ မကောင်းသည့်အတွေးများလည်း ရှိလောက်မည်မဟုတ်ချေ။ ထို့အပြင် ဤဆောင်ပုဒ်ကိုရေးရန်မှာလည်း ခဏသာကြာသည်။

ထို့ကြောင့် ထောင်ရှီးက ဟွမ်ချင်းကို ခေါင်းညိတ်ပြလိုက်ကာ “ကောင်းပြီ” ဟု ဖြေလိုက်၏။

သူက ဟွမ်ချင်းထံမှစာရွက်ကို လှမ်းယူလိုက်သည်။ စာရွက်ပေါ်တွင် ကျိုးချန် ဂရုတစိုက် ရွေးနုတ်ထားသည့် ဆောင်ပုဒ်များရှိနေ၏။ မြေဖြူဘူးထဲမှ မြေဖြူတစ်ချောင်းကို ထုတ်ယူလိုက်ပြီးနောက် သူ ခြေဖျားအနည်းငယ်ထောက်၍ လက်မြှောက်ကာ ကျောက်သင်ပုန်းပေါ်တွင် စာစရေးလိုက်သည်။

သူ ပထမဆုံးစာလုံးကို ရေးပြီးချိန်တွင် အခန်းတံခါးဝသို့ တစ်စုံတစ်ယောက်လာနေသည်ကို သတိပြုမိလိုက်သည်။ သူ စာရေးမပြတ်ဘဲ ခေါင်းလှည့်ကြည့်လိုက်ရာ နေ့အလင်းရောင်အောက်တွင် ရှည်လျားဖြောင့်စင်းသော ခြေတံရှည်များဖြင့် တံခါးအပြင်ဘက်မှ ဝင်လာသည့် လင်ချင်းဟယ်ကို တွေ့လိုက်ရလေသည်။

ထိုတစ်ဒင်္ဂတွင် ထောင်ရှီးမှာ အရှိန်ပြင်းပြင်းခုန်လှုပ်နေသော ကိုယ့်နှလုံးခုန်သံကိုပင် ပြန်ကြားနေရပြီး သူ့အရှေ့မှ ကမ္ဘာကြီးက ငွေရောင်အလင်းတန်းများဖြင့် တဖိတ်ဖိတ်တောက်ပသွားလေသည်။ သူ့ခမျာ လင်ချင်းဟယ်က စတိတ်စင်နားသို့ လျှောက်လာသည်ကို ကြောင်အမ်းအမ်းဖြင့်သာ ရပ်ကြည့်နေမိသည်။ ထို့နောက် မနက်ခင်းတွင် သဘောကျနေသည့်လူနှင့်တွေ့ပါက ပြုံးပြကာ “မင်္ဂလာနံနက်ခင်းပါ” ဟု နှုတ်ဆက်ရမည်ဖြစ်ကြောင်း ချောင်ယီထန်က သူ့အား သင်ပေးခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။

လမင်းသော်တာ လှမ်းလို့လာWhere stories live. Discover now