သူစိတ်လှုပ်ရှားနေတာ။

လုချမ်ဘက်မှအရင်စကားစလိုက်သည်။ "အထဲမဝင်ခင်အရင်ဆုံးဖိနပ်လဲစီးလိုက်"။

လုချမ်၏အသံကိုကြားမှဖူကျားသက်ပြင်းချလိုက်မိသည်။ သူ့လက်ဖဝါးများကချွေးများဖြင့်စေးကပ်နေ၏။ ထို့ကြောင့်အင်္ကျီနှင့်မသိမသာသုတ်လိုက်ပြီးမှ ဖိနပ်ကြိုးဖြည်ရန်ခန္ဓာကိုယ်ကိုကိုင်းညွှတ်လိုက်သည်။

"ဘာလို့ဖိနပ်လဲစီးဖို့ပဲခဏခဏပြောနေတာလဲ...တစ်ခါပြောရင်တော်ရောပေါ့...ငါ့ပုံစံကသူများအိမ်ထဲအပြင်စီးဖိနပ်မချွတ်ပဲဒီအတိုင်းပရမ်းပတာလျှောက်ဝင်တတ်တဲ့ပုံပေါ်လို့လား"။ စိတ်လှုပ်ရှားမှုကိုဖြေဖျောက်ရန် ဖူကျားစကားမရှိစကားရှာပြီးရစ်လိုက်သည်။

"ကိုယ်တစ်ခါမှအဲဒီလိုမပြောမိဘူးနော်"

လုချမ်၏စကားကိုဖူကျားပခုံးတွန့်ပြရင်းပြန်တုံ့ပြန်လိုက်သည်။ "ပြောခဲ့တယ်လို့ထင်တာပဲ"။

"ကိုယ့်တိုက်ခန်းထဲဝင်လာဖို့အတွက်မင်းကိုဖိနပ်လေးလဲစီးပေးဖို့ပဲကိုယ်တောင်းဆိုမိတာပါ...အဲဒီတောင်းဆိုချက်တစ်ခုကိုပဲထပ်ခါထပ်ခါပြောနေရင်တောင်ကိုယ့်လုပ်ရပ်ကပိုတယ်လို့မထင်မိဘူး"

လုချမ်ပေးထားသည့်ကွင်းထိုးဖိနပ်လေးကိုစီးဖို့လုပ်နေတုန်း သူ့စကားကြောင့်ဖူကျားတစ်ယောက် ဘက်မှားစီးမိမလိုတောင်ဖြစ်သွားသည်။

"ဘာအဓိပ္ပါယ်နဲ့ပြောနေတာလဲ"။ ဖူကျားဇဝေဇဝါနှင့်ပြန်မေးလိုက်မိသည်။

"မင်းကိုယ့်ဆီလာဖို့အတွက်မင်းရဲ့နောက်ခံအသိုင်းအဝိုင်းကိုပြောင်းလဲစရာမလိုသလို...မိဘတွေကိုလည်းပြောင်းလဲပစ်စရာမလိုပါဘူး"။ လုချမ်ကထိုသို့ပြောပြီးအရှေ့မှဦးဆောင်ကာ စာကြည့်ခန်းထဲသို့ဝင်သွားသည်။

ဖူကျားတစ်ယောက်ပါးစပ်အဟောင်းသားနှင့်ကျန်ခဲ့သည်။ တစ်ဆိတ်လောက်...ဖိနပ်ကိစ္စနဲ့သူ့မိဘအသိုင်းအဝိုင်းတွေကဘယ်လိုကနေဘယ်လိုဆိုင်သွားရတာလဲ။ လုချမ်၏စကားများကို တစ်ခါတစ်လေသူလုံးဝနားမလည်နိုင်ပါ။

လုချမ်ကသူ့အတွက်သင်္ချာပုစ္ဆာမေးခွန်းများကြိုထုတ်ထားပြီးသားဖြစ်သည်။ ဖူကျားစာကြည့်ခန်းထဲရောက်လာသည်နှင့်လုချမ်ကစာအုပ်တစ်အုပ်ကမ်းပေးလာသည်။ "ဒီမေးခွန်းနှစ်ဆယ့်ငါးပုဒ်ကိုအရင်ဆုံးတွက်ကြည့်လိုက်"။

Slow - witted (Myanmar translations)Where stories live. Discover now