သီချင်းတွေထဲတွင်ရေးသားထားသည့်အတိုင်း အမိမဲ့သားများက ရေနည်းငါးလေးများပမာပင်။ အခုတော့ ကမ်းနားသစ်ပင်လေး ၄ပင် ဖြစ်နေရချေပြီ။
ထို့နောက် သူက ယွမ်ချီကျီလက်ထဲမှမုန့်ကိုယူ အထုပ်ဖြည်ကာ ပါးစပ်ထဲတွင် ပလုတ်ပလောင်းဝါးပြရင်း “မင်းတို့နဲ့မတန်ဘူး” ဟု ပြောလိုက်သည်။ ဆန်နီက တံတွေးကိုမြိုချရင်း ယွမ်ချန်းရှန်ကို ကြောက်ကြောက်နှင့်ကြည့်နေ၏။
တခဏကြာမှသူမက အငယ်လေးများဘက်သို့လှည့်ပြီး “အိမ်ပြန်ကြစို့။ အဖွားက ငါတို့ကိုရှာမတွေ့ပဲနေလိမ့်မယ်။ မြန်မြန်ပြန်မှရမယ်” ဟု ပြောကာ ထိုနေရာမှထွက်သွားတော့သည်။

ယွမ်ချီကျီကတော့ နေရာမှာပင် မလှုပ်မယှက်ရပ်နေပြီး ကလေးများလှည့်ကြည့်လှည့်ကြည့်နှင့် ထွက်သွားသည်ကို ငေးကြည့်နေ၏။ သူမက သူမကလေးများရင်ထဲတွင် မိခင်ဆိုးတစ်ယောက် ဖြစ်နေခဲ့ပါပြီ။

ယွမ်ချန်းရှန်ကတော့ မုန့်စားရင်း ယွမ်ချီကျီဘေးတွင်လာရပ်ကာ “သူတို့လေးယောက်က မသိတတ်တာ။ ညီမလေး နင်သူတို့ကိုလာမတွေ့သင့်ဘူး။ သူတို့ကိုလွမ်းနေလည်းအလကားပဲ။ ဝံပုလွေမျက်ကန်းလေးတွေ” ဟု ပြောလိုက်သည်။ ယွမ်ချီကျီကတော့ ရပ်နေရင်း မျက်တောင်မြန်မြန်ခတ်လိုက်ပြီး “နှစ်သစ်ကူးအတွက်ဝယ်ကြစို့” ဟုသာ တီးတိုးပြန်ပြောလိုက်၏။

သူတို့မောင်နှမက စျေးပတ်ကြရင်း စားစရာနှင့်အတူ မီးရှူးမီးပန်းများပါ ဝယ်ခဲ့သေးသည်။ နှစ်တိုင်းအသုံးပြုသည့်ပစ္စည်းများကိုဝယ်ကြရသည်။ သည်ကိုလာပြီး အကုန်ဝယ်ရတာ လွယ်တော့မလွယ်‌ပေ။

လိုအပ်သည်များကိုဝယ်ပြီးတော့ ယွမ်ချီကျီက တစ်နေရာတွင်ထိုင်နားနေစဉ် ယွမ်ချန်းရှန်က စျေးကို တစ်ယောက်တည်းပြန်သွားပြီး လျူရှင်းဟွာပေးလိုက်သောအသီးအရွက်များကို သင့်တော်သောစျေးနှင့်ရောင်းချသည်။ ကိစ္စနှစ်ခုလုံးပြီးသွားတော့ သူတို့မောင်နှမလည်း ဝယ်လာသောပစ္စည်းများ အပြည့်ဖြည့်ထားသည့်အိတ်ကြီးများကိုဆွဲကာ ပြန်လာခဲ့ကြ၏။

အပြန်လမ်းတွင်တော့ သူတို့ကဲ့သို့စျေးဝယ်လာသော ဆန်းရှောင်ဟိုင်နှင့် တွေ့ကြသည်။ သူနှင့်အတူ ရွာမှအမျိုးသမီးနှစ်ယောက်လည်း ပါသေး၏။ ယွမ်မောင်နှမကိုတွေ့သော်လည်း ရပ်စကားပြောမနေတော့ပဲ အပြုံးနှင့်သာနှုတ်ဆက်ပြီး ဆက်လျှောက်လာကြသည်။
အတန်ကြာအောင်လျှောက်ပြီးသောအခါ ဆံပင်တိုနှင့်အမျိုးသမီးက “ချီကျီက လျူအိမ်ကိုသွားပြီး သူမကလေးတွေကို တွေ့မယ်ထင်လား” ဟု စကားစသည်။

“လျူမိသားစုက တွေ့ခွင့်ပေးပါ့မလား” ဟု ဆံပင်ရှည်နှင့်အမျိုးသမီးက ပြန်ပြော၏။ “ကွာရှင်းချင်တာကသူလေ။ သူကအိမ်မပြန်တော့ လျူမိသားစုဝင်မဟုတ်တော့ဘူး။ ကလေးတွေက လျူမိသားစုကဖြစ်သွားပြီ။ ဒီတော့သေချာပေါက် တွေ့ခွင့်ရမယ် မထင်ဘူး”
“ဘယ်လိုထင်ရမှာလဲ။ သူမကနှစ်တွေအများကြီး ဒီဒဏ်တွေကို သည်းခံလာတာ‌လေ။ အခုမှ သူမက ဒီလို‌ကောက်လုပ်တာဆို‌တော့ ဒါကနောက်ကနေမြှောက်ပေးလို့ဖြစ်ရတာဆိုတာ ရှင်းနေတာပဲလေ” ဟု ဆန်းရှောင်ဟိုင်ကပြန်ပြောသည်။
ဆံပင်ရှည်နှင့်အမျိုးသမီးက “နင်တို့အိမ်ကအသက်ကြီးတဲ့သူတွေက တစ်မျိုးကြီးနော်” ဟု ပြောလိုက်သည်။
ဆန်းရှောင်ဟိုင်က ရယ်လိုက်ပြီး “ယွမ်အိမ်ရဲ့ထူးဆန်းတဲ့သူ‌တွေကလွဲလို့ ဘယ်သူကများ ကိုယ့်သမီးကို ဒီလိုတွေ ဆုံးမမှာလဲ” ဟု ပြောလိုက်၏။
နှစ်ကုန်တွင် အလုပ်အားလုံးဖြတ်ပြီးသည်ကတစ်ကြောင်း၊ ဝက်ပေါ်ထားသည်ကတစ်ကြောင်း ငွေရှိနေသည့်အတွက် ဆန်းရှောင်ဟိုင်တွင် နှစ်ကူးအတွက် ငွေကြေးလုံလောက်စွာရှိနေသည်။ သည်ငွေက တစ်နှစ်စာဖူလုံသည်။ ဝယ်စရာရှိသည်တို့ကို ဝယ်ယူနိုင်သည်။

သူနှင့်အခြားအမျိုးသမီးနှစ်ယောက်က မြို့တွင်ပစ္စည်းဝယ်ယူပြီးနောက် နားမနေတော့ပဲ ချက်ချင်းပြန်လာခဲ့ကြ၏။ သူတို့က စားစရာနှင့်ပိတ်စများ ဝယ်ယူလာကြသည့်အတွက် အလွန်ပျော်ရွှင်နေကြပြီး အဝတ်အသစ်ချုပ်ရန်အကြောင်းကို ပြောဆိုနေကြသည်။

ဆံပင်တိုနှင့်အမျိုးသမီးက “စက်ချုပ်အဖိုးကြီးက ဒီနှစ် တို့ဖန်းယန်ရွာကို အရင်ဆုံးလာပြီး ချုပ်ပေးမယ်လို့ကြားတယ်။ တို့ရွာပြီးမှ တခြားရွာကိုသွားမယ်တဲ့။ နင်တို့မိသားစုက ကလေးတစ်ယောက်က နှစ်တစ်ဝက်လောက် သူ့ဆီမှာပညာသင်ထားကြတာ။ သူ့လက်ရာဘယ်လောက်ကောင်းကြောင်း ညည်း‌ပြောနေတာတွေချည်း နေ့တိုင်းကြားနေရတာ အခုတော့ လက်တွေ့မြင်ရတော့မယ်” ဟု ဆန်းရှောင်ဟိုင်ကိုပြောလိုက်သည်။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now