"မသိပါဘူးကွာ အကိုကတန်ခိုးကြီးတယ် ဟဲဟဲ။အစောစိတ်ဆိုးလို့ ဘယ်လောက်ဘဲကွပ်ပျစ်ပေါ်အိပ်အိပ် ဟောဗျာ...မနက်ဆိုအိမ်ထဲပြန်ရောက်နေကော"

ကိုကျော့မြိုင်ပြောလေလေ အစောခေါင်းလေးပုဝင်သွားလေလေနဲ့ ခေါင်းကိုဖော်မလာတော့ပေ။ခေါင်းတောင်ဖော်မလာတော့ဘဲ အစောရှက်နေပုံလေးကိုကြည့်ကာသဘောကျနေတာကြောင့် ကိုကျော့မြိုင်လည်းလင်းခေးတို့ကိုဖောက်သည်ချပြောဆိုနေခြင်းဘဲဖြစ်သည်။အိမ်ထောင်သက်၁၅နှစ်အတွင်း အစောနဲ့ကိုကျော့မြိုင်တို့ဆိုတာ ခေါင်းကနေအူမအထိတစ်ယောက်အကြောင်းတစ်ယောက်အကုန်သိ၏။ကိုကျော့မြိုင်အရက်မူးတိုင်း အစောဘယ်လောက်စိတ်ဆိုးဆိုး ကွပ်ပျစ်ပေါ်အိပ်ခိုင်းပြီး မနက်အိမ်ထဲပြန်ရောက်နေသည့်အကြောင်းကိုကိုကျော့မြိုင်ကောင်းကောင်းသိတာပေါ့။စိတ်ဆိုးသယောင်နဲ့တံခါးကိုပိတ်ထားတက်ပေမဲ့ ကိုကျော့မြိုင်အမူးလွန်ပြီးအိပ်မောကျနေသည့်အချိန်ဆိုလျှင် အစောအိမ်ထဲသို့မရမကတွဲခေါ်ပြီးအိမ်ထဲမှာဘဲအိပ်စေသည်။၁၅နှစ်အတွင်း ထိုအကြောင်းကိုကိုကျော့မြိုင်မသိတာလဲမဟုတ်၊တမင်မသိဟန်ဆောင်ပြီး အစောရဲ့ဂရုစိုက်မှုကိုအထူးတလည်ရယူခြင်းဘဲဖြစ်သည်။

လင်းခေးတို့ညကအိမ်ထဲပို့ပေးမည်ဆိုတာလဲ လူရှေ့သူရှေ့မို့အစောတမင်ဟန်ပြသယောင်လက်မခံတာဘဲရှိသည်။တကယ်တမ်း လင်းခေးတို့ထွက်သွားပြီးသိပ်မကြာမှ ကိုကျော့မြိုင်ကိုယ်လေးလေးကြီးကိုအစောမရမကတွဲပြီး အိမ်ထဲခေါ်ထားခြင်းဘဲဖြစ်လေသည်။သို့သော် ထိုအကြောင်းကအစပြန်ပေါ်လိမ့်မည်ဟုအစောထင်မထားခဲ့ပါ။လူမိပြီးရိပ်မိပုံပေါ်မှ အစောခေါင်းမဖော်နိုင်အောင်ရှက်နေရတော့သည်။

"အစောတို့သွားတော့မယ်နော်လင်းခေး ရထားရောက်ရင်သားတစ်ယောက်ထဲဖြစ်နေမှာဆိုးလို့"

ကိုကျော့မြိုင်ထပ်ပြီးဖော်ကောင်လုပ်နေမှာဆိုးသဖြင့် အစောစကားကိုဖြတ်ကာ ကိုကျော့မြိုင်ကိုတောင်မစောင့်တော့ဘဲ လင်းခေးတို့ကိုနှုတ်ဆက်ပြီးအရင်ထွက်သွားလေသည်။

"အကိုလည်းသွားပြီနော်လင်းခေး"

ရှက်ပြီးအစောအရင်ဦးအောင်ထွက်သွားတာမို့ ကိုကျော့မြိုင်လည်းလင်းခေးတို့ကို ကမမ်းကတမ်းနှုတ်ဆက်ပြီးဘဲအစောကိုမှီအောင် အပြေးလိုက်ရတော့သည်။

တပင်တိုင်Where stories live. Discover now