(Unicode)
လူစုံနေကျထမင်းဝိုင်းလေးမှာ တိတ်ဆိတ်စွာ၊ထမင်းဝိုင်းပြင်နေတဲ့ ဒေါ်အေးသွယ်နဲ့မေမိုးကလွဲရင် သားနှစ်ယောက်လုံးထိုထမင်းဝိုင်းလေးသို့ရောက်မလာသေး။
မနက်ထမင်းကြမ်းစားချိန်ဆိုလျှင် ဦးစွာရောက်နေတက်တဲ့လင်းခေးနဲ့ပင်တိုင်တို့ကို မမြင်တာကြောင့် ဦးမိုးဝေထမင်းစားနိုင်သေးဘဲ အိမ်အပြင်ထွက်ကြည့်လိုက် အိမ်နောက်ဘေးကြည့်လိုက်နဲ့ဘဲအလုပ်ရှုပ်နေခဲ့၏။
"ရှာမနေနဲ့ ကိုကြီးသားတွေမနိုးသေးဘူး"
အခြေအနေရိပ်မိပုံထောက်တဲ့ဒေါ်အေးသွယ်က မီးဖိုထဲကလှမ်းအော်မှဦးမိုးဝေလည်း ဆက်မရှာဘဲအိမ်ထဲသို့ပြန်ဝင်နိုင်သည်။
"ဒီကလေးတွေနေများမကောင်းကြဘူးလား"
"အမယ်လေး ကောင်းပါ့တော် ကောင်းပါ့၊ကိုကြီးသားတွေကအကောင်းလွန်နေတာသိရဲ့လား"
ဟင်းပန်းကန်ကိုစားပွဲပေါ်ချ၍ အားနဲ့မာန်နဲ့ပြောပြီးအိမ်အပေါ်သို့တက်သွားတဲ့ဒေါ်အေးသွယ်စကားကို ဦးမိုးဝေနားလည်ဟန်မမြင်၊သူမစကားကိုနားလည်တဲ့ မေးမိုးကတော့ထမင်းတွေခူးခတ်ပေးရင်းခပ်ပြုံးပြုံးနဲ့သာ။
"သမီး ညည်းမေမေလေးပြောတာသိလား"
"ဖေကြီးက ညကရွာထဲကနောက်ကျမှပြန်လာတော့ဘယ်သိမလဲ၊ညကလင်းခေးနဲ့ပင်တိုင် နောက်ကျမှပြန်လာလို့စိတ်ဆိုးနေတာလေ"
"ဟေ..."
"ဖေကြီးမမြင်လို့ သူတို့ကလဲသူတို့ဘဲ"
"အေး ဆက်ပြောစမ်းပါဦးသမီးရဲ့"
ဦးမိုးဝေပိုပြီးစိတ်ဝင်တစ်စားမေးလာတော့ ဆက်ပြောရမည့်မေမိုးလည်းပြောရမှာပိုပြီးတက်ကြွလာသလို။
"ဒီလိုဖေကြီးရဲ့ မနေ့ကပင်တိုင်နဲ့လင်းခေးထင်းခွေသွားတာလေ"
"အေးလေ"
"အဲ့ဒါပြန်လာတော့လည်းနောက်ကျသေး၊နောက်ပြီးထင်းခွေသွားတဲ့လူတွေက ထင်းဘယ်နှစ်ချောင်းပါခဲ့တယ်ထင်လဲ"
"ဘယ်နှစ်ချောင်းပါခဲ့လဲ"
"ဘယ်နှစ်ချောင်းမှပါမလာတဲ့အပြင် လင်းခေးကပင်တိုင့်ကိုကျောပိုးပြီးဘဲပြန်လာတယ်လေ၊သူတို့ကိုလည်းမြင်ကော မေမေလေးလဲတင်းပါလေရော"