အပိုင်း-၂၄

5.7K 627 51
                                    

Unicode

"ဘယ်လိုလဲ တိတ်ဆိတ်ပြီး လှတယ်ဟုတ်"

လင်းထိန်နေသည့် နှစ်ထပ်villa လေးကိုညွှန်ပြရင်း ကောင်လေးကဆိုလာသည်။ အိမ်ပြန်မည့်လမ်းကိုကျော်လာကတည်းက ဒီနေ့ပြန်ဖို့အစီစဉ်မရှ်ိတော့တာသိပေမဲ့ ခုလိုနေရာမျိုးကို ရောက်လာလိမ့်မည်ဟုတော့ နိုင်ဝေထင်မထားမိပါ။ မှောင်မဲနေသည့် တောင်ကုန်းတစ်ခုကို တက်ခဲ့တဲ့တစ်လျှောက် အိမ်အနည်းငယ်ကိုသာတွေ့ခဲ့ရပြီး ဒီတိုက်အစုစုလေးတွေ တည်ဆောက်ထားသည့် နေရာဆီရောက်လာကြတာဖြစ်သည်။

တောင်ပေါ်မှာအဆင့်ဆင့်ဆောက်ထားသော အဆောက်အအုံများက ဆင်တူကာ နံပါတ်အသီးသီးတပ်ထားသည်။ညပိုင်းမို့ မရှင်းလင်းပေမဲ့ ဘေးဘီမှာဝန်းရံနေသည်က ထင်ရှူးတောတွေဟု နိုင်ဝေထင်သည်။ ကြည့်ရတာ လုံးချင်းvillaတွေစုတည်ထားသည့် ရပ်ကွက်အသစ်ပဲဖြစ်ရမည်။ အဝင်ဝဂိတ်တဲမှာ ကောင်လေးဆီက ကဒ်တစ်ခုကိုယူရင်း အတွင်းကို နည်းနည်းပါးပါးလှမ်းစစ်သည့် လူသုံးယောက်လောက်သာတွေ့ခဲ့ရ၏။

ပုံစံတူအဆောက်အအုံတွေများပေမဲ့ လူသူရှိသေးပုံမပေါ်။ လမ်းမီဝါများကလွဲလျှင် တိုက်တွေအားလုံးက မှောင်မဲနေသည်။ ကောင်လေးက အတက်လမ်းအတိုင်း ကားကိုကျွမ်းကျင်စွာမောင်းကာ မျက်လုံးတို့က လမ်းဘေးမှ ဆိုင်းဘုတ်များထံ သေချာကြည့်လို့နေ၏။

"301 G ဒီမှာပဲ" အစောက အောက်ကနေလှမ်းပြခဲ့သည့် villaလေးဆီရောက်လာကြသည်။ လမ်းမီးရောင်သာရှိကာ အဆောက်အအုံက တောရိပ်အောက်မှာ ငြိမ်သက်နေသည်။

"ခဏလေးနော်" နိုင်ဝေ့ကိုမှာကာ ကောင်လေးက ဖုန်းမီးကိုဖွင့်လျက် ကားပေါ်ကဆင်းသွား၏။ထွန်းထားသည့် ကားမီအောက်မှာ ကောင်လေးကျောပြင်က ထင်းနေသည်။ဆံပင်အရောင်နှင့် တွဲစပ်ထားသလားမှတ်ရသည့် ငွေရောင်ပိုးဖဲအင်္ကျီစက ကောင်လေးကိုယ်ထက်မှာ တလက်လက်နှင့်။ ဆင်ဝင်အောက်ဝင်သွားသည့် အရိပ်ကလေးကိုကြည့်ရင်း နိုင်ဝေစောင့်နေလိုက်သည်။

ဖျတ်...
villa တစ်ခုလုံးထင်းလင်းသွားသည်။လမ်းတစ်လျှောက်အလှဆင်ထားသည့် မီးလုံးဖြူဖြူလေးတွေက အပင်ပုလေးတွေထက်မှာ ပုံဖော်သွယ်တန်းထားတာဖြစ်၏။ မီးမောင်းထိုးထားသလို အထက်စီးကနေဖြာကျနေသည့် အလင်းအောက်မှာ ပြာလဲ့လဲ့ရေပြင်က ပေအတော်လေးကျယ်သည်။အဆင့်ရေကူးကန်ပါ တွဲစပ်ထားသည့် အဆောက်အဦး၊ ဒီနေရာက တော်ရုံတန်ဖိုးမျိုးမဟုတ်မှန်း နိုင်ဝေသတိထားမိလိုက်သည်။

ချစ်သူ့လက်နဲ့ရေးတဲ့ ကျွန်တော့်ရဲ့နှလုံးသား အနဂ္ဂကဗျာ(COMPLETED)Where stories live. Discover now