မင်းမျက်နှာလေးကို မမြင်ရဘဲ ငါ မနေနိုင်ဘူး။

ငါ သေချာတယ် မင်းကို ငါ ချစ်နေခဲ့မိပြီ။

အရာရာမှာ သိမ်ငယ်တတ်တဲ့ မင်းအကျင့်ကို ပြင်ပေးရင်း မင်းက ငါ့အပေါ် အနိုင်ကျင့်တတ်လာတယ်။

မင်းရဲ့ ဝမ်းနည်းလွယ်တဲ့အကျင့်ကို ဖျောက်ပေးရင်း မင်းက ငါ့ကို မျက်ရည်ဆိုတာတွေနဲ့ မိတ်ဆက်ပေးတယ်။

မင်းရဲ့ စိတ်ဒဏ်ရာတွေကို ပပျောက်သွားအောင် ငါ စွမ်းစွမ်းတမံ ကြိုးစားခဲ့ပြီးတဲ့နောက်မှာတော့ ငါ့ နှလုံးသားကို မင်း စည်းတားပြန်တယ်။

မမျိုသိပ်နိုင်ဘဲ ရိပ်ဖမ်းသံဖမ်း ငါ ဖွင့်ဟမိတော့..။
"မနောက်ပါနဲ့. ကိုစစ်ရာ အဲ့လိုစတာမျိုး ကျွန်တော် မကြိုက်ဘူး" တဲ့။

ငါ ဘာများ မှားခဲ့လို့လဲ ကောင်လေး။

စည်းဆိုတဲ့ မင်းနာမည် ရဲ့ရှေ့မှာ
ပေါင်း ဆိုတဲ့ စကားလုံး တစ်လုံးထည့်ပြီး ကိုစစ်တို့ ပေါင်းစည်း လို့မရဘူးလားကွာ။

စည်းတွေ အထပ်ထပ် တားနေ ခြားနေ တာ တော်ပါတော့လားကွာ။

ငါ့အချစ်တွေကို မင်းက ခင်မင်မှုသံယောဇဉ်ဆိုတဲ့ မျဉ်းနဲ့ ဆွဲချတယ်။

ပတ်ဝန်းကျင်ဆိုတဲ့ အရံအတားကို မင်းနဲ့ ငါ ကြား ဆွဲသွင်းတယ်။

"ကျွန်တော်နဲ့ နှင်း လက်ထပ်ကြတော့မယ်"တဲ့ ဖိတ်စာ ရွှေရောင်လေး ရောက်လာတယ်။ဖိတ်စာလေးက သိပ်လှတယ်ကွာ။
ငါ့အနာဂတ်ကတော့ မလှနိုင်တော့ဘူး..။
ငါ မင်းကို ပိုင်ဆိုင်ခွင့် ဆိုတာ မရှိနိုင်တော့ဘူး။

"လာဖြစ်အောင်လာပါ ကိုစစ်!ကျွန်တော့်ဘက်မှာ ခင်များရယ် အဘွားရယ်ပဲ ရှိနေမှာမလို့ ခင်များမလာလို့ မရဘူး' တဲ့လေ။

မင်း မျက်ရည်တွေ မမြင်ရက်တဲ့၊မင်းနာကျင်မှာကို မကြည့်ရက်တဲ့ကောင်က ဘာများတတ်နိုင်ပါ့မလဲ။
ရင်အကွဲခံပြီး တိုက်ပုံကြီးတကားကားနဲ့ မင်းဘေးနား ရပ်ရင်း ပြုံးပြုံးကြီး ဓာတ်ပုံ အရိုက်ခံခဲ့တာပေါ့။

မျက်ဝန်းတွေကတော့ ဟန်မဆောင်နိုင်တာကို ခွင့်လွှတ်ပါကွာ။
ငါလည်း နာကျင်ရက်နဲ့ မင်းစိတ်ချမ်းသာဖို့ ရှေးရှုပြီး ပြုံးပြနေရတာမလို့။
ငါ့ကို နားလည်ကွာ။

SpringOn viuen les histories. Descobreix ara