"ကျေးဇူးပါ အန်တီ" ငွေရှင်းပြီးနောက် အိမ်တန်းပြန်ဖို့ဆုံးဖြတ်လိုက်သည်။ ဒီနေ့ကနှစ်သစ်ကူးဖြစ်တာကြောင့် အချိန်အပိုင်းအလုပ်တွေ ခဏနားဖို့ အကောင်းဆုံးအကြောင်းပြချက် မဟုတ်ပါလား။

"ခဏလေး" ခေါက်ဆွဲဆိုင်ကအန်တီကြီးကသူ့ကို တားလိုက်ပြီး စက္ကူအိတ်တစ်ခု ထိုးပေးလာ၏။

ကျန်းဟောင့်ဖွင့်ကြည့်လိုက်တော့ သေချာထိုးထားတဲ့ သိုးမွှေးမာဖလာတစ်ခု။

"အန်တီ့သားအတွက်ထိုးရင်း ချည်ပိုနေလို့ မင်းအတွက်ပါထိုးပေးထားတာ" မာဖလာတစ်ထည်ထိုးဖို့ ချည်ပိုသည်မှာမဖြစ်နိုင်မှန်း ကျန်းဟောင့်သိပါ၏။ မိဘတွေမရှိတော့ထဲက ချန်ထားခဲ့တဲ့ အိမ်မှာ ကျန်းဟောင့်တစ်ယောက်ထဲ ရုန်းကန်နေလာရင်း အများစွာသော နေ့လည်စာ ညစာများကို လမ်းထိပ်က ဒီခေါက်ဆွဲဆိုင်မှာ ဖြေရှင်းခဲ့တာကြောင့် ဆိုင်ပိုင်ရှင်အန်တီကြီးမှာ ကျန်းဟောင့်ရင်းနှီးသလိုရှိသည်။

တစ်ဖက်လူရဲ့စေတနာကိုအသိမှတ်ပြုကာ မာဖလာကို လည်တိုင်မှာပတ်လိုက်ရင်း အိမ်ပြန်လမ်းတစ်လျှောက် အတွေးများခဲ့သည်။ ပတ်ဝန်းကျင်မှာ ပျော်ပျော်ပါးပါးလျှောက်လည်နေကြတဲ့ မိသားစုတွေကိုမြင်ရင် အားမကျဘူးဟုဆိုပါက လိမ်ရကျမယ်လေ။ သို့သော်လဲ ထိုနှစ်ကတခြားနှစ်တွေထက်တော့ ပိုနွေးထွေးနေခဲ့သည်မှာ လည်တိုင်ထက်က မာဖလာလေးကြောင့်ဖြစ်မယ်ထင်ပါရဲ့...

.

.

အခုလဲတိုက်ဆိုင်စွာပင် ကျန်းဟောင့်ဟာ ဇိမ်ခံ BMW ကားပေါ်က ရှန်ဟိုင်းမြို့ရဲ့ အသက်ဝင်လှတဲ့ နှစ်သစ်ကူးကိုငေးကြည့်ရင်း။

"ရောက်ဖို့လိုသေးတာလား"

ကျန်းဟောင့်နေအိမ်ကနေထွက်လာတာ တစ်နာရီကျော်သည့်တိုင်အောင် အခုထိအထူးဧည့်သည်တော်ကြီးထံကိုမရောက်နိုင်သေးပါ။ နှစ်သစ်ကူးဖြစ်၍ ကားလမ်းတွေပိတ်တာကြောင့် ယခင် တစ်နာရီကြာတဲ့ခရီးကို ဒီနေ့တော့နှစ်နာရီလောက်မောင်းရအုံးမှာပဲ...

ကျန်းဟောင့်အနုပညာလောကထဲကိုစဝင်လာပုံက အရမ်းကြီးတော့ ခမ်းနားမနေခဲ့။ သူဟာ အထက်တန်းတုန်းက အချိန်ပိုင်းဂိုက်ဆရာလဲလုပ်သလို၊ ၂၄နာရီစတိုးများတွင် ညဆိုင်း ဆင်းလေ့ရှိသည်။ မိဘနှစ်ပါးမှာ ငယ်ငယ်ထဲကကွယ်လွန်သွားတာဖြစ်၍ ကိုယ့်ဝမ်းကိုယ်ကြောင်းရသည့်အတွက် ပျင်းနေရန်အချိန်မရှိခဲ့။  ကံကောင်းသည် ပြောရမလား ကျန်းဟောင့်စာပြပေးရတဲ့ ကလေးတစ်ယောက်ရဲ့အဖေက ရိုက်ကူးရေးတစ်ခုရဲ့ မန်နေဂျာဖြစ်နေခဲ့သည်။ တနေ့ ထိုကလေးအဖေတာဝန်ယူထားသည့်ရိုက်ကွင်းက ဒုတိယမင်းသားနဲ့ပြဿနာဖြစ်တာကြောင့် အစားထိုးမင်းသားအလောတကြီးရှာရက ကျန်းဟောင့်မှာ ယောင်လည်လည်ဖြင့် တက်သစ်စမင်းသားဘဝကိုနေ့ခြင်းညခြင်းရောက်သွားခဲ့သည်။

𝐘𝐨𝐮_Where stories live. Discover now