လောင်ဆပ်(Z)

Start from the beginning
                                    

"ပြော! ဘာကြောင့် လုပ်ရတာလဲ။ အကြောင်းပြချက်က ဘာလဲ။"

အကြပ်ရိုက်ရသည့် မေးခွန်းတွေနှင့် ရင်သွေးရဲ့ခေါင်းသေးသေးလေးကို ရှုပ်ထွေးစေသူသည် မျက်ခုံးများပင် တွန့်ချိုးနေပြီ။
လိမ်ညာခြင်း၌ မကျွမ်းကျင်သည့်သူသည် ကိုကြီးရှေ့ ညာပြောလည်း တန်းမိသွားမှာပင်။

"အ.အသုံးလို လို့ပါ ကိုကြီး! အား!"

ပြတ်တောင်းပြတ်တောင်းဖြင့် တိုးဖျော့စွာထွက်လာသည့် အသံတွင် စားပွဲခုံ ပေါ် ဗြန်းခနဲ ရိုက်ချလိုက်သည်ကြောင့် ရင်သွေး မျက်လုံးများပင် စုံမှိတ်သွားရသည်အထိ လန့်ဖြန့်သွားသည်။

"တောက်! အသုံးလို လို့! ဟုတ်လား! အရင်အပတ်ကမှ မင်း လက်ထဲ တစ်လအသုံးစရိတ်ပေးခဲ့တာ မဟုတ်ဘူးလား။ ဘာလဲ ငါ ပေးနေတာတွေက မင်းအတွက် မလောက်ငှဘူးလား။ အထက်တန်းကျောင်းသားက ဘာတွေ အသုံးလိုနေရသလဲ။ မျိုးရိုးက ဘယ်တိမ်ကောမလဲ။ မင်းလည်း မင်းအမေလို! ကျစ်"

ခပ်ကြမ်းကြမ်းဆူသံတို့တွင် ရင်သွေးမျက်ရည်တို့ မကျဖို့ ထိန်းထားရသည်။
လောက်ငှအောင် သုံးခဲ့ပေမယ့် မေမေ့ဆေးဖိုးအတွက် ကုန်ရ‌ကြောင်း သူမှ မပြောရဲပဲ။ မေမေ့အတွက် သုံးနေမှန်း သိသွားရင် ‌ကိုကြီးသည် ပို၍သာ၍ ဒေါသကြီးပေလိမ့်မည်။

"ဒီနေ့က ဘာနေ့လဲ"

"ခင် ဗျာ"

ရုတ်တရက် ထမေးလိုက်သည့်အမေးကြောင့် ရင်သွေးကြောင်သွားရသည်။

"(၁၉)ရက်နေ့ပါ"

"အေး! အဲဒီ (၁၉)ရက်က ဘာနေ့လဲလို့ မေးနေတာ! "

ထပ်အော်လိုက်သည်ကြောင့် မြတ်ရင်သွေး လက်ကလေးတွေ အချင်းချင်း တင်းတင်းညှစ်မိသည်အထိ လန့်သွားရပြန်သည်။

"ကြာ ကြာသပတေး"

စိုက်ကြည့်လာသည့် မျက်ဝန်းနက်တွေသည် ရင်သွေးကို ကြက်သီးထစေသည်။
လက်ဖျားကလေး‌တွေပင် အေးစက်နေပြီ ဖြစ်သည်။

"ကျောင်းဖွင့်ရက်မှာ မင်းက အပြင်မှာ ရှိနေတာပေါ့ "

ခေါင်းကျိန်းရတာသည် ဒါမျိုးဖြစ်မည်။ အလုပ် ခိုးလုပ်တာ မိထားပြီးစအခိုက်အတန့်တွင် နောက်ထပ် တစ်ပြစ်ကိုပါ ကိုကြီးက ဆွဲထုတ်သွားသည်။

SpringWhere stories live. Discover now