အိမ်ရောက်သည်နှင့် အရင် ဆင်းသွားသည့်သူကြောင့် တံတွေးအသာမျိုချလိုက်ပြီး နောက်ပါးက ကပ်လိုက်သွားရသည်။
ဧည့်ခန်းတွင် ခါးထောက်ရပ်နေသူသည် ဒေါသဖြေနေပုံ ပေါ်ပေမယ့် ဘယ်တုန်းကများ ဒေါသတွေ လျော့နိုင်ခဲ့လို့လဲ။ စိတ်၌သာ တွေးရဲသည်။ အပြင်တွင်တော့ မြတ်ရင်သွေးတို့ အကြည့်တစ်ချက်တောင်မှ အပြုအမူမမှားရဲပေ။
ဝတ်ထားသည့် နီညိုရောင်ရှပ်လက်ရှည်ကို တံတောင်နားထိ ခေါက်တင်ထားကာ စတိုင်လ်ပင် အနက်ဖြင့် ရိုးရိုးရှင်းရှင်း ဝတ်ထားပေမယ့် ခန့်လွန်းသန့်လွန်းလှသည်။
ရင်သွေးလို သရီးကွာတား၊ တီရှပ်ဖရိုဖရဲနှင့် ဖြစ်သလိုနေတတ်သည့် ပေတိပေစုတ်ကလေးနှင့် ထိုလူသည် ညီအစ်ကိုဟု ဘယ်သူမှ ထင်မည်မဟုတ်။
ရုပ်ရည်အားဖြင့်လည်း တစ်စက်မှ မတူသလို၊ အရပ်အမောင်းသည်လည်း လက်မနှင့် လက်ညိုးကဲ့သို့ပင်။
အရာရာကို ကြောက်ရွံ့တတ်သည့်သူနှင့် ရဲရင့်ပြတ်သားလွန်းသည့် ထိုလူ။ နှစ်ယောက်ဆုံတိုင်း ရင်သွေးသည် အလွဲလွဲအမှားမှားတွေ ဖြစ်တတ်စမြဲ။
"မင်း ကို ခိုင်းစားရလောက်အောင်အထိ မင်းအမေ ငတ်ပြတ်နေလား"
"မဟုတ်! မာမား မသိပါဘူး။ သိရင်လည်း မလုပ်ခိုင်းပါဘူး ကိုကြီး"
မွေးဖွားရာ မိခင်ချင်း မတူသည့် ဖြစ်ရပ်သည် ကိုကြီးရှေ့ရောက်တိုင်း ရင်သွေးကို အလိုလို သိမ်ဝင်သွားစေသည်။
အမေ့ကို မုန်းတီး၍ အိမ်ပေါ်ကနေပင် ခွဲထွက်သွားသည့် သူ၏ ရှေ့မှောက် ရောက်ရသည့်အခေါက်ရေတိုင်းတွင် အဆူအငေါက်သည် မလွတ်ကင်းခဲ့။
ဒေါသထွက်လွယ်ပြီး မညင်သာတတ်သည့်သူသည် မေမေ့သား ရင်သွေးကိုတော့ လက်ခံပေးခဲ့သည်။
ဖေဖေဆုံးသွားတည်းက မပြေလည်တော့သည့် အခြေအနေတွင် ရင်သွေးရဲ့ စရိတ်အတွက် ကိုကြီးက လစဉ်ထောက်ပံ့တတ်ပေမယ့် မေမေ့ဖို့တော့ ခြူးတစ်ပြားမှ မပါခဲ့ပါ။
ဇရာထောင်းလာလေ၊ ချူချာလာလေဖြစ်လာသည့် မေမေ့အတွက် ရင်သွေး အလုပ် ရှာမိခြင်းဖြစ်သည်။
ကံမကောင်း၊အကြောင်းမလှစွာပင် ကိုကြီးနှင့် ဆုံခဲ့သည်မို့ ထိုအလုပ်ကလေးဆီ ခြေဦးပြန်တည့်၍ ရတော့မည် မထင်။
လောင်ဆပ်(U)
Start from the beginning