1.3K 196 24
                                    

[အချစ်ဟာ ဆုပ်လည်းစူး စားလည်းရူး]

ကောင်းကင်ထက် မိုးသားကင်းစင်တဲ့နေ့မှာ တိမ်စိုင်လေးဟာ မြေပြင်ဆင်းသက်လာတယ်။ ဖြူဥနေတဲ့ အသားအရေမှာ အဖြူရောင် ဂျင်းအပေါ်ဝတ်ကလေး ထပ်ကာ ဝတ်ထားပြီး လမ်းမပေါ်ရှိ လူတွေအကြည့်ကို ဖမ်းငင်စုပ်ယူနေရင်း နောက်သို့ လှည့်လာကာ...

''လာလေ ဟန်ဘင်း''

ကားထိုးရင်း ကျန်ခဲ့တဲ့ သူ့ကို လက်ယက်ကာ ခေါ်လာတယ်။ အလုပ်နားတဲ့ရက် အိမ်ပြန်အိပ်မယ်ဆိုလို့ ဒိတ်လုပ်ဖို့ သူ့မှာ မနည်းတောင်းဆိုခဲ့ရတာ၊ လမ်းမလျှောက်ချင်ဘူးဆိုလို့ မနည်းချော့ပြောခဲ့ရတာ။ ဒါကြောင့် စိတ်များရှုပ်နေမလား တွေးပူနေခဲ့ရပေမဲ့ မြင်နေရတဲ့ မျက်နှာလေးဟာ ကြည်ကြည်သာသာ။

နောက်ကနေ အမီလိုက် ဘေးချင်းယှဥ်လျှောက်လိုက်ချိန် သူ့ကို ကြည့်လာပြီး...

''ဟန်ဘင်း ပျော်နေတာလား''

''ဘာလို့လဲ အစ်ကို''
 
''ဒီတညနေတည်းတင် ပြုံးနေတာ အခေါက် ၁၀၀ တောင် ပြည့်တော့မလားပဲ''

''ဟော...အစ်ကိုက ကျွန်တော့်ကိုပဲ ကြည့်နေတာပေါ့''

ပြန်မဖြေဘဲ နှုတ်ခမ်းလေးကို အောက်သို့ ညွှတ်ကာ ယောင်ယောင်လေး မဲ့လို့ သူ့စကားကို တုံ့ပြန်ပုံဟာ ချစ်စရာ။

''အစ်ကိုက ဝန်မခံလည်း ကျွန်တော်ကတော့ ဝန်ခံပါတယ်။ ပျော်တာပေါ့၊ ဒါ ပထမဆုံး သေသေချာချာ ဒိတ်ရမယ့်ဟာကို''

မပျော်နေမှ ဆန်းလိမ့်မယ်။

ခါတိုင်း ဒီအချိန်ဆို အလုပ်ဝင်နေတဲ့ အစ်ကို့ဘေးမှာ သူက မခိုင်းစေရပါဘဲ ကိုယ်ရံတော်လေးအဖြစ် ရှိပေးနေရင်း အစ်ကို့ရဲ့ ဘယ်နှယောက်မြောက်သော ဘော်ဒါအကန့်တွေ ပေါ်လာဦးမလဲ ပူနေခဲ့ရတာ။ တစ်ဖက်သတ် ကိုယ်ရံတော်လေးမို့ အစ်ကိုမှ ခွင့်မပြုရင် လိုက်ခွင့်မရှိ၊ ထားရစ်ခံခဲ့ရတဲ့အခါတိုင်း ဆောက်တည်ရာမဲ့ကာ ကျန်ရစ်ခဲ့ရတာ။ ဘေးမှာ ရှိနေခွင့်ရခဲ့ရုံကလွဲ သူပိုင်တဲ့ အချိန်တွေမှ မဟုတ်ခဲ့တာ။

ရှာမှရှား သူ့အတွက် သီးသန့်ရလာတဲ့ ဒီညနေလေးကို ကောင်းကောင်း ကုန်ဆုံးမယ်၊ လက်ချင်းတွဲပြီး လမ်းလျှောက်မယ်၊ Romantic ဆန်တဲ့ ဆိုင်တစ်ဆိုင်မှာ ညစာစားမယ်၊ ပြီးရင် ဟန်မြစ်ကမ်းဘေးတစ်နေရာရာမှာ နှစ်ယောက်အတူ  သွားထိုင်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တီတီတာတာ စကားတွေ ဆိုဦးမယ်။

What is love?Where stories live. Discover now