ထိုသို့သော စကားလုံးတွေက တဲ့တိုးဆန်လှပြီး ကျောင်းတော်သခင်ကို အနေရခက်သွားစေခဲ့သည်။ သူက ရှက်ရွံ့ဟန် ပြုံးလိုက်သည်။
     "တကယ်လို့ တူတော်မောင်သာ ငါ့ကျောင်းတော်က မိန်းကလေးတစ်ယောက်ကို နှစ်သက်ရင် အချိန်မရွေး ခေါ်သွားနိုင်ပါတယ်"

     "ဟား ... ဟား ... မိန်းကလေးတွေက အရာဝတ္ထု ပစ္စည်းတွေ မဟုတ်ဘူးနော်"လီကွမ်ရီက ခေါင်းကို ခါပြီး ရယ်မောလိုက်သည်။

     "ဝိညာဉ်ကမ္ဘာမှာတော့ ဒီလိုပဲလေ ..."ကျောင်းတော်သခင်က ပြုံး၍ ဆက်ပြောသည်။
     "လက်ထပ်ခြင်းက အနာဂတ်အတွက် လမ်းခင်းတာပဲလေ၊ ဝိညာဉ်ကမ္ဘာပေါ်မှာ မျိုးဆက်သွေး ကောင်းမွန်သူတွေနဲ့ လက်ထပ်ခွင့်ရဖို့ဆိုတာက အားလုံး လက်မလွတ်နိုင်တဲ့ အမှန်တရားတစ်ခုပါ"

     "ဟုတ်တယ်၊ ဒါက ဝိညာဉ်ကမ္ဘာတစ်ခုပဲ မဟုတ်ပါဘူး၊ အခြားကမ္ဘာရှစ်ခုမှာလည်း လက်ထပ်ထိမ်းမြားပွဲကို အရာဝတ္ထုတစ်ခု လဲလှယ်သလို လုပ်နေကြတာပါပဲ"လီကွမ်ရီက ညင်သာစွာ ပြုံးလိုက်သည်။

     ကမ္ဘာကိုးခုလုံးတွင် ချစ်ခြင်းမပါတဲ့ လက်ထပ်ပွဲတွေ အများကြီး ရှိကြသည်။ ဂိုဏ်းရဲ့ အနာဂတ်အတွက်၊ ဒါမှမဟုတ် မျိုးနွယ်စုရဲ့ ကောင်းကျိုးအတွက် ရည်ရွယ်ပြီး လက်ထပ်ထိမ်းမြားမှုမှတဆင့် မဟာမိတ်တွေ ရှာဖွေလေ့ရှိကြသည်။

     မည်သို့ပင်ဆိုစေကာမူ ဝိညာဉ်ကမ္ဘာက အခြားကမ္ဘာတွေနဲ့ များစွာ ခြားနားသည်။ ဒီကမ္ဘာပေါ်မှာ ရှိတဲ့ သစ်ပင်မျိုးနွယ်၊ ပင်လယ်နတ်ဆိုးမျိုးနွယ်နဲ့ ညို့ဓာတ်ပြင်းဝိညာဉ်မျိုးနွယ် အားလုံးက မျိုးဆက်သွေးကောင်းမွန်တဲ့ လူသားမျိုးနွယ်တွေနဲ့ လက်ထပ်လိုကြသည်။ ဒီလိုလုပ်ခြင်းက သူတို့အတွက် အကျိုးကျေးဇူးများစွာ ရှိစေနိုင်သည်။

     "တူတော်မောင်၊ မင်းက ဧကရာဇ်မျိုးဆက်သွေးပိုင်ရှင်ပါ"ကျောင်းတော်သခင်က အလေးအနက် အမူအရာဖြင့် ဆက်ပြောသည်။
     "ညို့ဓာတ်ပြင်းဝိညာဉ်တွေ၊ ဒါမှမဟုတ် အခြားမျိုးနွယ်တွေနဲ့ လက်မထပ်ချင်ဘူးဆိုရင်တောင်မှ ကိုယ့်ရဲ့ရှေ့ရေးကို ကြည့်သင့်တယ်လေ၊ မင်းရဲ့ အဖိုးတန်တဲ့ ဧကရာဇ်မျိုးဆက်သွေးကို အလဟတ်သဖြစ်စေတော့မှာလား ... မင်းရဲ့လက်တွဲဖော်အဖြစ် ငါတို့ရဲ့ ညို့ဓာတ်ပြင်းဝိညာဉ်မျိုးနွယ်ထက် ပိုပြီး သင့်တော်တဲ့အဖွဲ့ ရှိနေမယ်လို့ ထင်သလား"

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now