မာဆေးမြို့တွင်းသည် ၂၄၀ စတုရန်းကီလိုမီတာခန့် ရှိပြီး လူဦးရေ ရှစ်သိန်းခွဲကိုးသိန်းသာ ရှိသည်။ သို့သော် မာဆေး မြို့ပြဝန်းကျင်ကတော့ အကျယ်ကြီးဖြစ်သည်။ လူဦးရေ ဆယ့်လေးသိန်း၊ ဆယ့်ခြောက်သိန်းထိ ရှိသည်ဟု ဆိုသည်။ ထိုလူ ဦးရေသည်ပင် Seoul မြို့၏ငါးပုံတစ်ပုံလောက်ပဲ ရှိမည်ထင်ပါသည်။ လူဦးရေနည်းပါးခြင်း အကြောင်းနှင့်အတူ ၆မိနစ်တစ်ခါ မြေအောက် ရထားအပြာရောင်တစ်စင်း ထွက်သောကြောင့် ယခု ဘူတာတွင် လူများများစားစား မမြင်ရခြင်းဖြစ်လေသလား။

အမျိုးသမီးတစ်ဦးက ခရီးဆောင်သေတ္တာကို ပလက်‌ဖောင်းပေါ်ချလျက် မတ်တတ်ရပ်ကာ ရထားစောင့်ရင်း လက်ကိုင်တယ်လီဖုန်းကို ငုံ့ကြည့် ခလုပ်နှိပ်နေသည်။

ခဏရပ်စောင့်နေပြီးတော့ ရထားရောက်လာသည်။

ကျွန်မနှင့်အတူ ရထားထဲသို့ ဝင်မည့်လူ လေးငါးယောက်ပဲ ရှိသည်။ အားလုံးသည် ပြင်သစ်လူမျိုးများ ဖြစ်ကြသည်။ အရှေ့တိုင်းသားဟူ၍ပင် တစ်ယောက်မှ မပါသော ရထားတွဲပါလား။ ကိစ္စမရှိပါဘူးလေ။ တက္ကသိုလ်ထဲရောက်သည့်အခါ အပြည်ပြည်ကလာသော ကိုရီးယားလူမျိုးကို တွေ့မည်။ ကျွန်မ ရထားပေါ်သို့ ခပ်သွက်သွက်တက်လိုက်သည်။

ရထားက နေရာအချောင်ကြီးပဲ။ ထိုင်ခုံတွေများ ထိုင်မည့်သူပင်မရှိ။ ထိုင်ခုံက ကော်ခုံ၊ အတွဲလိုက် အဝါရောင်လေးတွေဖြစ်သည်။

ရထားနံရံ၏ ခရီးသည်ဦးခေါင်းအထက်နေရာတွင် တယ်လီဖုန်းအားသွင်းဖို့ ပလပ်ပေါက်လေးတွေ နေရာချထားပေးသည်။

ရထားတွဲထဲသို့ ဝင်လိုက်သောအခါ စိမ့်ခနဲအေးသွားသည်။ ရထားတွဲနံရံတွင် ဘူတာတွေနှင့်လမ်းကြောင်းပြ မြေပုံ၏ဒီဇိုင်းဖြင့် မြင်ရသည်။ ဘူတာတစ်ခုသို့ ရောက်တိုင်း မီးလုံးက နေရာရွှေ့လျက် ပြပေးနေသည်။ မမှားဘူး။ တော်ပါသေး။ နောက်ဘူတာဆိုရင် ကျွန်မ ဆင်းရတော့မှာ။

စန့်ရှားလ်ဟု ပြင်သစ်တွေအသံထွက်ခေါ်ကြသော စိန့်ချားလ်ဘူတာရုံသို့ ရထားဆိုက်တော့ နေ့လည် သုံးနာရီထိုးခါနီးပြီ။ မြေအောက်မှ ဘူတာပေါ်သို့ စက်လှေကားဖြင့်တက်လာစဉ် နှေးသည်ထင်ပြီး လှေကားကို တစ်ထစ်ပြီးတစ်ထစ် တက်လာမိသည်။ မြေပုံထဲမှာတော့ ပရောဗန့်စ်တက္ကသိုလ်ဟာ စန့်ရှားလ်ဘူတာရဲ့ လက်ဝဲဘက်မှာ ရှိတာပဲ။ ဟောဟိုက အဆောက်အအုံပဲ ဖြစ်ရမယ်။

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now