“Young မလှုပ်နဲ့နော် အဲဒီအတိုင်းနေ”

Youngက မလှုပ်ပါ။ အနည်းငယ်တော့ ရယ်ချင်သလို ပြုံးယောင်သန်းသွားသည်။

“မရယ်နဲ့”

မရယ်နဲ့ဟုပြောတော့ သူ မရယ်ပါ၊ သို့သော် မနေတတ်တာကို အတင်း မာန်တင်းထားသဖြင့် ရယ်ချင်သလို မထိတထိ နှုတ်ခမ်းလေးတော့ ကော့ပျံသွားလိုက်သေး၏။

အဲဒီပုံလေးသည် ကျွန်မ ရိုက်ကူးခဲ့သမျှ Young ပုံတွေထဲတွင် ရှောင်တခင်မို့ သဘာဝ အကျဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံး ဖြစ်လာခဲ့သည်။

Young ယုံနိုင်ပါ့မလား။ ထိုဓာတ်ပုံကို ကျွန်မ ကော်ပီများစွာ ကူးထားသည်။ သေးသေးလေးတွေ၊ ကြီးကြီးလေးတွေ၊ ကျွန်မ၏ မှတ်စုစာအုပ်ထဲမှာ။ ကျွန်မ၏ တစ်နှစ်တာ အစီအစဉ်တွေမှတ်သည့် planner စာအုပ်ထဲမှာ၊ နောက်ပြီးတော့ ကျွန်မ၏ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ။ မေမေ တွေ့သွားနိုင်သည့်နေရာတွေ ဖြစ်လျှင်တောင် ကျွန်မ မထိန်းချုပ်တော့ပါ။ မေမေ မေးလာလျှင်လည်း ဖြေလိုက်ရုံပါပဲ။ ဟုတ်ပါတယ်မေမေ။ လူက Yujin အနားမှာ မရှိတော့ပါဘူး။ ဓာတ်ပုံလေးပဲ ကျန်ပါတော့တယ်လို့။

Young ဘယ်အချိန်မှာ ဖုန်းဆက်လာလေမလဲ။ ညနေက Mark ပြောတာတော့ စာတမ်းကို လက်ခံရရှိပြီးပါပြီ။ ညကျရင် ဖုန်းဆက်မယ်လို့ပြောပါတယ် တဲ့။

Youngဖုန်းနံပါတ်ကို Markက စားပွဲပေါ်က မှတ်စုစာအုပ်တွင် ရေးပေးထားသော်လည်း ကျွန်မ မခေါ်ပါ။

မနက်တုန်းကတော့ ဒင်းကတောင် ငါ့ကို ထားခဲ့သေးတာ ဟု မာနဖြင့် မခေါ်ခဲ့တာ။ အခုညကျတော့ ခေါ်ရမှာ အားနာနေမိတာပါ။ လေးနှစ်လုံးလုံး ကျွန်မကိုမတွေ့ချင်လို့ သို့မဟုတ် မတွေ့သင့်တော့ဘူးထင်လို့ ခြေရာဖျောက် ပုန်းကွယ်နေခဲ့သူကို ကျွန်မက ဖုန်းနံပါတ်သိလိုက်လို့ ခေါ်လိုက်ရင် သူ့ ကိုယ်ရေးကိုယ်တာကို ချဉ်းနင်း ချိုးဖောက်ရာ ကျလေမလားဟု ကျွန်မ တွေးမိသွားလို့ပါ။

Young ဘာဖြစ်သွားခဲ့သည်ဆိုတာ အခုတော့ ကျွန်မသိပြီ ဟု ထင်ပါသည်။

တယ်လီဖုန်းကို စောင့်နေသည့်အချိန်မှာ ကျွန်မ၏နှလုံးက တဒိတ်ဒိတ်ခုန်သံသည် တိုးဖျော့နေသည်။ ခွန်အားမရှိသည့် နှလုံးခုန်သံ။

ဆုံနေရက်နှင့်လွမ်းလေခြင်းOnde histórias criam vida. Descubra agora