သူ ဘွဲ့ရခဲ့သည့် ဓာတုဗေဒဘာသာရပ်နှင့် သက်ဆိုင်သော အလုပ်ကို ရသွားတာမို့ ကျွန်မ တော်တော် ကျေနပ်ဝမ်းသာ နေခဲ့ပါသည်။ ငါ့ကို အလုပ်ဝင်တာ တစ်လပြည့်မှ ဖွင့်ပြောရသလားဟု စိတ်တိုချင်သော်လည်း တကယ်တော့ ကျွန်မ Youngကို စိတ်မဆိုးရက်ခဲ့ပါ။

“ခေါင်းလျှော်ရည်စမ်းတာ အခုထိ သူတို့ မအောင်မြင်သေးဘူးတဲ့ မမရဲ့၊ ရေနဲ့ထိလိုက်တာနဲ့ ပုပ်စော်နံနံသွားသတဲ့။ ပညာရှင်တွေ ဦးနှောက်ခြောက်နေကြတယ်တယ်”

သူ့အလုပ်သစ်မှ အတွေ့အကြုံတွေကို သူ သိထားသမျှ ကျွန်မအား ပြောပြနေခဲ့သည်။

“မမ ဘယ် ရေမွှေးအမျိုးအစားကို အကြိုက်ဆုံးလဲ ဟင်”

“ဘယ်အမျိုးအစားလို့ ပြောတော့ အဲဒီနာမည် မင်းသိမှာမို့လား”

“အော် မသိလို့ မေးပါတယ်ဆိုမှ”

“ရေမွှေးဆိုတာက ကုမ္ပဏီတစ်ခုတည်းက ထုတ်တာတောင် အမျိုးအစားကွဲရင် အနံ့က ကွဲသေးတာ၊ ကုမ္ပဏီတွေကလည်း အများကြီး”

“မမ ဘာအမျိုးအစား ကြိုက်လဲလို့ မေးနေတာ”

“အေးလေ မမလည်း ပြောမလို့ပဲ။ မမနိုင်ငံခြားက ပြန်လာပြီးမှ ဘဝင် နည်းနည်းမြင့်လာတော့ အက်စ်တေး လော်ဒါတို့ လန်ကွန်းတို့ ဒီအောတို့က ထုတ်တဲ့ရေမွှေးမှ ကြိုက်တော့တယ်”

သူ ရယ်မလားဟု စိတ်ပူသွားပေမယ့် သူ မရယ်ပါ။ အင်းလေ အစ်ကိုသာဆိုလျှင် ဟားတိုက်ပြီး လှောင်ရယ်ရယ်မှာပေါ့။ Youngကတော့ ဘယ်ရယ်မလဲ။

“ဒါတောင်နော် သူတို့ထုတ်သမျှ တံဆိပ်တိုင်းကိုတော့ ကြိုက်တာမဟုတ်ဘူး။ သူ့အမျိုးအစားနဲ့သူ ရှိတယ်”

“ဥပမာ”

“အင်း ဥပမာ လင်ကွန်းက ထုတ်တဲ့ မီရာကယ်လ် အမျိုးအစားပေါ့”

“ အော်”

“ဘာဖြစ်လို့မေးတာလဲ”

“မမ ကြိုက်တဲ့ရေမွှေးမျိုး တစ်နေ့ကျရင် Young ထုတ်နိုင်အောင် ကြိုးစားမလို့”

“အို ကြီးကျယ်ခမ်းနားလိုက်တဲ့အိပ်မက်”

ကျွန်မ ရယ်မောမိသည်။

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now