ကျွန်မ စာတမ်းခေါင်းစဉ်က “Give me a child until she is seven” ဖြစ်သည်ဟုတော့ သူ သိနေခဲ့လို့ ဖြစ်မှာပေါ့။ သူ ဘယ်လို သိသွားတာလဲ။ စက္ကန့်ပိုင်းလောက် အချိန်ကာလအတွင်း ကျွန်မ၏စိတ်အာရုံတို့သည် မနားမနေ ပြေးလွှားခရီးဆန့်နေကြ လေသည်။

သူ ဘယ်လို သိမလဲ။ သူ ဘယ်လိုသိမလဲ။
နေဦး.....
ခဏနေဦး၊ ထိုခေါင်းစဉ်ကို ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သူ သိလိုက်ပြီးသည့်နောက် မေမေ့မှတ်စုနှင့် မေမေ့ ဗွီဒီယိုဖိုင်တွေ စာတမ်းတွေကို သူ သတိရသွားမှာပေါ့။ မေမေ ပြုစုထားသော သူတို့ဘဝတွေကို ကျွန်မက ညီလာခံပရိသတ်ကို၊ ကမ္ဘာတစ်ခုလုံးကို ချပြတော့မှာလားဟု သူစိုးရိမ်မိလိမ့်မည်။

ကျွန်မ ရင်ထဲမှာ နာကျင်သွား၏။ သူ ဘယ်လောက် စိုးရိမ်ကြောင့်ကြပူပန်လိုက်မလဲဟု တွေးမိသွားရင်း တစ်ပြိုင်တည်း ကျွန်မကို အထင်သေးရက်လေခြင်းဟု ဝမ်းနည်းသွားမိလို့ပါ။ Young ရယ်..... Young တို့ဘဝတွေကို သုတေသနစာတမ်းအဖြစ် ထုတ်မပြောဖြစ်အောင် မေမေ့ကို မမ ဘယ်လောက်စည်းရုံးထားခဲ့ရတယ်ဆိုတာ Young မသိလိုက်လေခြင်းကွယ်။

ထားပါဦး။ သူ ဘယ်လိုသိသွားလဲဆိုတာကို ကျွန်မ စဉ်းစားကြည့်သည်။ မာဆေးရှိ ပရောဗန့်စ်တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ယောက်ယောက်နှင့် သူ ခင်မင်သလား၊ အဲဒီကနေ သိသွားသလား။
သို့သော် သူက တက္ကသိုလ်နှင့်နီးစပ်သူမှ မဟုတ်ဘဲ။ ဒါဖြင့် Mark က နီးစပ်သလား၊ အို အကိုJimin ဆီကနေ သိသွားတာလား။ အခုမှ သတိရသွားသည်။ ကျွန်မရေးသည့် စာတမ်းကို ခေါင်းစဉ်ပေးတာ အကို့အကြံဉာဏ်ပါ။

ကျွန်မက ရိုးရှင်းစွာပင် ကလေးသူငယ်နှင့်ကဗျာဟု ပေးဖို့ရည်ရွယ်သည်။ သို့သော် အကိုက အခုခေါင်းစဉ်ကို ပေးဖို့ အတင်းအကြပ်တိုက်တွန်းသည်။

“ဒီနာမည်က သိပ်ဆွဲဆောင်တယ် Yujinရ”

အပြုံးစစဖြင့် ပြောခဲ့သော အကို့ကို မြင်ယောင်မိ၏

“ဘယ်လို ဆွဲဆောင်တာလဲ”

“အော် နာမည်ကို ကြားလိုက်ရတဲ့လူတိုင်းက ဘာပါလိမ့်လို့ တွေးမိသွားအောင် စာတမ်းကို ဖတ်ချင်သွားအောင် ဆွဲဆောင်တာပေါ့”

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now