"မေကြီး..."

"အံမယ် မေကြီးသားက ချောလို့မောလို့ပါလား..."

"မေကြီးသားပဲ ချောမှာပေါ့..."

"ငါ့သားမဟုတ်ဘူးလား..."

"ဖေကြီးသားလည်း ဟုတ်ပါတယ်... ဟီး..."

"ဒီလိုကြည့်တော့လည်း ကိုယ်တို့သားက ကလေးမဟုတ်တော့ဘူးပဲ..."

"ဟုတ်ပါ့ မကြာခင်သူ့အိမ်ထောင်နဲ့သူဖြစ်တော့မှာ..."

မေကြီးက ပြောရင်းနဲ့ မျက်ရည်များဝဲလာသည်ကို ကျွန်တော်သတိထားမိလိုက်သည်။ အဲ့လိုကျတော့ စိတ်ထဲမကောင်း။ ကိုကိုနှင့် ဘ၀တစ်ခုထူထောင်ရတော့မည်ဖြစ်သော်လည်း မေကြီးတို့ကို ခင်တွယ်သေးသည်။ ဘယ်လိုပင် လူကြီးတစ်ယောက်ဖြစ်နေပါစေ မိဘများအပေါ်တွင်တော့ ကလေးတစ်ယောက် ပြုမူနေမိစဲပင်။

"မေကြီးရယ် သားက မေကြီးနဲ့ဖေကြီးသားပဲလေ... မေကြီးတို့သင်ပေးတဲ့ပညာနဲ့ လူတွေအကျိုးပြုတဲ့ အလုပ်လုပ် ကိုလုပ်ရတော့မှာ... ဒီရွာလေးကိုပဲကြည့် သားတို့စရောက်တုန်းကနဲ့ တူတော့လို့လား"

"ဟုတ်ပါပြီသားရယ်... မေကြီးတို့သား လူကြီးဖြစ်လာပြီပဲ..."

"ချစ်တယ်မေကြီးနဲ့ဖေကြီး..."

နွေးထွေးလှတဲ့ မိဘနှစ်ပါးရဲ့ရင်ခွင်ထဲ တိုးဝင်မိခဲ့သည်။ မကြာခင်မှာ သက်ဆိုင်သူရှိလာတော့မှာမို့ အရင်လို မိဘများကို ချွဲလို့မရတော့ပေ။

***

ဆေးခန်းလေးတွင် နှစ်ယောက်သားအတူနေရန် အဆင်မပြေတာကြောင့် ကိုယ့်အိုးကိုယ်အိမ်ဖြစ်စေရန် ရွာထဲမှာ အိမ်တစ်အိမ်ကို ၀ယ်ဖို့ရန် သူကြီးကို ပြောလိုက်သည်။ သို့သော်လည်း စေတနာကောင်းကြသော ရွာသားများက အိမ်တစ်လုံး လက်ဖွဲ့အဖြစ်ဆောက်ပေးလေသည်။ ယောက်ျားလေးနှစ်ယောက်နေမည့်အိမ်ဖြစ်တာကြောင့် တော်သင့်ရုံဆို အဆင်ပြေသော်ငြားလည်း ပျဉ်ထောင်နှစ်ထပ်အမြင့်လေးကို လက်ဖွဲ့ပေးတာကြောင့် ကျွန်တော်တို့မှာ ကျေးဇူးတင်၍မဆုံး။

မနက်ဖန်ဆို မင်္ဂလာဆွမ်းကျွေးရက်ရောက်ပြီမို့ သူကြီးတို့နှင့် အလုပ်များနေသောကြောင့် ချစ်ရသူလေးကို မတွေ့ရသေး။ မနက်ခင်းက မေကြီးတို့ကို သွားကြိုပြီးထဲက အိမ်အပေါ်ထပ်က ဆင်း၍မလာ။ မိသားစုတတွေ အလွမ်းသည်နေကြသည် ထင်ပါရဲ့။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now