မျိုးစပ်မရှိ၊ တွယ်တာစရာမရှိတော့သည့် သူတို့ချစ်သူနှစ်ဦးရဲ့ ဘဝတွေ..။ လောကဓံကြောင့် မိသားစုမကျန်တော့သည့် ဒီလှိုင်း၏ ဘဝ..။ ထိုဂန္တာရသဖွယ် ဘဝတွေကို အေးမြစေမယ့် ရေကြည်တစ်ပေါက်က ဒီနေ့ဒီအချိန်မှာ ထွက်ပေါ်လာခဲ့ပြီ..။

သူကိုယ်တိုင်က ဒီလှိုင်းကို ညီအစ်ကိုအရင်းအချာလို သတ်မှတ်ထားသည်မို့ နောက်ထပ်မိသားစုဝင်တိုးလာမှာ သူ့အတွက်ပျော်မဆုံးနိုင်..။

“ ငါ..ငါ ဦးကို သွားပြောလိုက်အုံးမယ်..မဟုတ် ဆရာ့ကိုပြန်လိုက်ပို့လိုက်အုံးမယ်”

နဂိုထဲက အခန်းထဲမှာရှိနေသည့် လွမ်စေးကို‌ မေ့ကာ အယောင်ယောင်အမှားမှားနဲ့ဖြစ်ပြီးမှ ဆရာဝန်ကိုမခေါ်ပါဘဲ ခုန်ဆွ ခုန်ဆွနှင့်ထွက်သွားပြီး တံခါးအ‌ဝရောက်မှ ပြန်လှည့်လာပြီး ဒီလှိုင်းကို ‌လာဖက်သည်။

“Congratulations bro”

ဆိုပြီး သူကပါ ဒီလှိုင်းကိုဖက်၍ တရှုံ့ရှုံ့ငိုနေသေး၏။ ငိုလို့ဝတော့မှ ဖယ်ခွာသွားကာ ဆရာဝန်ကိုမခေါ်ဘဲ ထွက်သွားပြန်၏။

“ဒါဆို ကျွန်တော်ပြန်ပါတော့မယ် BBrown လိုတဲ့အချိန် အချိန်မရွေးခေါ်လိုက်ပါ”

ဆရာဝန်သည် ကိုလွမ်စေး၏ မိသားစုဆရာဝန်မို့ ဒီလှိုင်းခက်ထန်ရော ဘုန်းပြည့်စုံကိုရောပါသိနေသည်။ ရံဖန်ရံခါတော်တော်လေးနေမကောင်းဖြစ်မှပြဖူးပေမယ့် ဒီဆရာဝန်မှတ်မိနေတာ အတော်လေးဉာဏ်ကောင်းလို့ဖြစ်ပါလိမ့်မည်။

ဆရာဝန်ပြန်သွားသည်နှင့်တစ်ပြိုင်နက် ကိုလွမ်စေးတို့ကပါ အလိုက်တသိနဲ့ အခန်းထဲကထွက်သွားလေသည်။ ထိုမှကုတင်ဘေးတွင်ထိုင်ကာ သတိမရသေးသည့်လူ၏ လက်ဖမိုးဖြူဖြူကို ပါးတွင်ကပ်လျက် ကိုယ့်ကိုကိုယ်အပြစ်မြင်ခြင်း၊နွယ်သာကီကို အားနာခြင်းကဲ့သို့သော ဝေခွဲမရခြင်း အတွေးနယ်နိမိတ်ကိုကျော်လွန်နေလေသည်။

ကလေးဆိုတာကို သူ(၁၉)နှစ်သား နွယ်သာကီကို စွဲလမ်းမိထဲက မမျှော်လင့်တော့တာ..။ သူ့အနာဂတ်မိသားစုထဲ နွယ်သာကီတစ်ဦးထဲသာ အရာရာဖြစ်စေခဲ့တာ..။

သူကလေးမလိုချင်ခဲ့ဘူး။ သူ့ညီမလေးမွေးတာကိုပဲ သူချစ်ပေးနိုင်တယ်။ ညီမလေးဆုံးတော့ သူ့မှာ ဘာမျှော်လင့်ချက်မှကိုမရှိတော့ဘူး။ မိသားစုဆိုတာကိုလည်း မတောင်းတမိတော့ဘူး။

သူ့ဘဝထဲကို နွယ်သာကီက တစ်ဖန်တိုးဝင်လာခဲ့ပြီး နောက်နွယ်မျှင်တစ်မျှင်နှင့် နွယ်သာကီက သူ့ဘဝကို ချည်ပြီးတုတ်ပြီး အပိုင်ချည်နှောင်လိုက်ပြန်သည်။ 

ခင်ဗျား သိပ်တော်ပါတယ် နွယ်သာကီ..ခင်ဗျားကြောင့် ဘဝသေသွားခဲ့တဲ့ကောင်ကို  ဘဝအသစ်ပြန်ပေးပြန်တယ်.. ခင်ဗျားသိပ်တော်တယ်..။

အချစ်ဆိုတာ ဘယ်လောက် နာကျည်းကျည်းအပြစ်မမြင်နိုင်ခြင်းတဲ့..။ သူနွယ်သာကီကို အပြစ်မမြင်တော့တဲ့အပြင် ဘယ်တော့မှမုန်းမရတဲ့ လူတစ်ယောက်မို့ ထပ်တိုးချစ်မိပြန်သည်။

“ မောင် မင်းကိုချစ်တယ် နွယ်..မင်းကိုပဲ..မင်းကိုပါပဲ နွယ်..။ မောင် မင်းကိုစွန့်လွှတ်ဖို့ကြိုးစားခဲ့တဲ့ အတိတ်ကနေ့စွဲတွေက ဒုနဲ့ဒေးပါပဲ နွယ်ရယ်။ ဘယ်လိုလုပ်မလဲ မောင့်အချစ်က မင်းကိုအပြစ်မမြင်နိုင်ခြင်းကနေ အစပြုပြီး မစွန့်လွှတ်နိုင်ခြင်းမှာအဆုံးသတ်ပါတယ် မောင့်နွယ်ရယ်”

ဒီလှိုင်း တဖွဖွပြောကာ မျက်ရည်သွင်သွင်ကျဆင်းနေသည်ကိုမသုတ်မိပဲ ဆက်တိုက်ငိုကြွေးနေခဲ့သည်။

မရည်ရွယ်ပဲ သတ်ခဲ့မိတဲ့ သူတစ်ပါးအသက်ကြောင့် နာကျင်မှုဝဋ်ကျွေးလိုက်လာခဲ့လျှင် ဒီဘဝ၊ဒီမျှနဲ့သာ ကျေပါစေတော့…။

ခဏကြာတော့ နွယ်သာကီကို ရင်ဘတ်ပေါ်အထိ စောင်ခြုံပေးခဲ့ပြီး တိုင်ပင်ဆွေးနွေးစရာများအတွက် အခန်းပြင်ကိုထွက်လာခဲ့သည်။ ညဉ့်နက်နေသော်ငြားလည်း သူ၏အစ်ကိုတွေကတော့ စီစဉ်စရာမပြီးသေးပဲ ပြန်မည်မဟုတ်ချေ။

“Congratulations ဒီလှိုင်း”

“Thanks bro”

“ငါတို့ထဲမှာအငယ်ဆုံးက ကလေးအဖေအရင်ဖြစ်ရတယ်လို့ကွာ..ကတောက်စ်..”

ဘုန်းပြည့်စုံ(ကိုပိန်)၏ စနောက်မှုကြောင့် စိတ်ညစ်နေသည့်ကြားမှ ညစ်ကျယ်ကျယ်ပြုံးကာ မျက်ခုံးပင့်ပြလိုက်သည်။

“ ကောင်ဆိုးလေး တော်တော်ပျော်နေတယ်ပေါ့..”

“ အများကြီးမပျော်ရဲပါဘူး အဲ့ဆရာဝန်မှားတာဆိုဘယ်လိုလုပ်မလဲ..အဲ့တာကြောင့် နွယ်သာကီနိုးလာရင် ဘာမှမပြောကြနဲ့အုံးနော် သေချာမှပြောမယ်..”

“ အေး..”

“ ဒီလှိုင်း မင်း ဘယ်ဆေးရုံမှာပြချင်လဲ..”

စနောက်နေကြသည့် သူတို့နှစ်ဦး၏ စကားစကို ကိုလွမ်စေးကဖျက်ပြီး လိုရာကိုပြော၏။

“ မသိဘူး..မြန်မာပြည်မှာပဲပြရင်ကောင်းမလားလို့..ဒါပေမဲ့ ဒီနိုင်ငံမှာ ဒီကိစ္စက သိပ်မထွန်းကားသေးတော့ ပတ်ဝန်းကျင်ကြောင့် ကျုပ်ပန်းလေးမျက်နှာညှိုးမှာကြောက်ရတယ်..”

“ဪ..မချစ်ပေလို့ပဲ နုယွနေလိုက်တာနော်..”

“ မင်း အပေါက်ပိတ်..”

အကောင်းပြောလိုက် ဘုန်းပြည့်စုံမဟုတ်ရင် ဧရာဇင်ကဝင်နှောက်လိုက်ဖြင့် သူတို့စကားဝိုင်းသည် မြိုင်မြိုင်ဆိုင်ဆိုင်နှင့် လိုရင်းမရောက်ဖြစ်နေကြသည်။

“ အဲ့တာဆို ဘယ်နိုင်ငံမှာသွားမွေးချင်လဲ..လမရင့်ခင် ရွေ့ပြောင်းဖို့တို့ ဆေးခန်းပြဖို့‌တို့ လုပ်ရမယ်လေ..”

“ စဉ်းစားမိသလောက် ဘန်ကောက်ဆိုရင် မဆိုးလောက်ဘူး..”

“ အင်း..အဲ့မှာ ငါ့ညီရှိတယ် သူ့ကိုဖုန်းဆက်လိုက်အုံးမယ် ခဏ..”

နဂိုထဲက လွမ်စေးသဘောနဲ့ ညီဖြစ်သူကိုဖုန်းဆက်ပြီး အကျိုးအကြောင်းမေးကာ ဘယ်လိုဆိုကောင်းတယ်ဆိုပြီး ဦးဆောင်လုပ်လိုက်လျှင် ဒီလှိုင်းက ငြင်းမည်မဟုတ်။ သို့သော် လွမ်စေးသည်လည်း သူ၏ကလေးမဟုတ်ဘဲ ဒီလှိုင်း၏ကလေးမို့ သူဖြစ်စေချင်တဲ့ဆန္ဒကိုနောက်ထားကာ ဒီလှိုင်း၏ဆန္ဒကို ဦးစားပေးသည်မှာသိသာလှသည်။

“အင်း အဲ့တာဆို ငါတို့ မနက်မိုးလင်းရင်ရောက်မယ်..”

လွမ်စေးဖုန်းကိုစားပွဲပေါ်တင်လိုက်ပြီး ညီဖြစ်သူနှင့် တိုင်ပင်ခဲ့သမျှပြန်ကာပြောပြရန်ပြင်သည်။

“လွမ်နောင်ကပြောတယ် အဲ့ဘက်ပိုင်းကျွမ်းတဲ့ သူ့ဆရာ နောက်တစ်လနေရင် ကနေဒါကနေ ဘန်ကောက်ကိုလာမယ်တဲ့။ သူတို့ဘက်မှာ မွေးရာပါ သားအိမ်ပါတာကရှားပါးဆိုပေမယ့် သားအိမ်ထည့်တာတွေ၊ အငှားကိုယ်ဝန်ဆောင်တွေပေါလို့ ထွေထွေထူးထူးကိစ္စမရှိဘူးလို့ပြောတယ်။ ဖြစ်နိုင်ရင် မနက်ဖြန်ပဲလာခဲ့လို့ပြောလို့ ငါတို့သွားကြရအောင်..”

“အင်း ကျုပ်တို့ မိုးမလင်းခင် flightနဲ့သွားကြမယ် Ticketက ရပါ့မလားတော့မသိဘူး...”

“အဲ့ကိစ္စကရတယ် ငါ့သူငယ်ချင်း လေလိုင်းကကောင်ကိုဖုန်းကြိုဆက်ထားလိုက်မယ်..”

“ အင်း..ဒါဆို ဒီညဒီမှာပဲအိပ်ကြမလား..”

“ မနက်အတွက်အဝတ်အစားယူပြီးရင် ဒီမှာပဲအိပ်လိုက်ကြမယ်..”

“ဟာ..ညဉ့်နက်နေပြီ ဟိုမှာပဲဝယ်ဝတ်လိုက်တော့မယ်..အခုတော့ အိပ်မယ် ဘယ်မှမသွားတော့ဘူး..”

ဧရာ ဂျစ်ကန်ကန်နဲ့ ချက်ချင်းအိပ်နေကျအခန်းကို ဘယ်သူ့မှကိုမစောင့်ဘဲ ဦးစွာဝင်သွားခဲ့သည်။ သူတကယ်ကို အိပ်ချင်နေပါပြီ။

ထို့နောက် ကိုယ်စီအခန်းတွေဆီဝင်သွားပြီး အိပ်စက်ခြင်းဆီသို့…။

Mg'd Nwel Thar Kii (Book version)Where stories live. Discover now