သကြားလုံးဘူးအဝိုင်းလေးကို ဖွင့်လျက်ကိုင်ကာ ပါးလေးဖောင်းသည်အထိ တစ်လုံးပြီးတစ်လုံးဖောက်စားနေသည့်အငယ့်ကြောင့် ဒီလှိုင်းခေါင်းရမ်းကာ ရယ်လိုက်သည်။
ဒီကောင်မလေး ချောင်းဆိုးချေတော့မည်ဖြစ်၍ တစ်ခါထဲ ချောင်းဆိုးပျောက်ဆေးဝင်ဝယ်ရန် တေးထားလိုက်သည်။

အတော်အတန်ကြာလမ်းလျှောက်ပြီးနောက် လမ်းဆုံလမ်းခွရှိ ဆေးဆိုင်လေးသို့ရောက်၏။ ထိုဆေးဆိုင်တွင် အငယ့်အတွက် ချောင်းဆိုပျောက်ဆေးဝယ်ရမည်ဖြစ်သည်။

“ အငယ် ဒီနားမှာငြိမ်ငြိမ်လေးနေခဲ့နော် ကိုကြီးဆေးဝယ်ပြီးရင်ပြန်လာမယ်..”

ဆေးဆိုင်လေးသည်ကျဉ်းကာ အတွင်းကျ၍ ဆိုင်ရှေ့ရှိ ဓာတ်တိုင်အောက်တွင် အငယ့်ကိုသေချာမှာ၍ ထားခဲ့ရသည်။

“ ဟုတ်..”

အငယ်က သကြားလုံးပလုတ်ပလောင်းသံနှင့် ပြန်ဖြေလေ၏။ ဆေးဖိုးမှပိုသည့် အကြွေလေးထောင်ကျော်နှင့် ဆေးဆိုင်ထဲကိုဝင်ရသည်မှာ မျက်နှာငယ်စရာကောင်းလွန်းသည်။ ပိုက်ဆံကို အတိုင်းအတာနှင့်သုံးစွဲရသည့်အခါ ဈေးအရင်မေးတတ်လာသည့်အကျင့်ကိုရပေမည်။

ချောင်းဆိုးပျောက်ဆေးအရည်ကိုဘူးလိုက်ဆောင်ထားချင်ပေမယ့် တစ်နေ့တာလုပ်အားခရဲ့ တစ်ဝက်နီးပါးရှိနေသောအခါ ရှိသလောက်လေးနဲ့ရောင်ရဲတင်းတိမ်ခဲ့ရသည်။

ဒီနှစ်တွေအတွင်းမှာသိခဲ့ရတာသည် ငွေဆိုတာ ဒုတိယဘုရားသခင်ဖြစ်သလို ငွေရှိရင် ချစ်မြတ်နိုးခြင်းမှအပ အရာရာပြည့်စုံသည်။ ပျော်ရွှင်စေသည်။ ဥစ္စာဓနသည် မလိုအပ်ပါဘူးဟုပြောသူသည် လူ့ပြည်၌လက်ချိုး၍ပင်ရေတွက်၍ရ၏။ လူ့ဘဝ၌ ကျွေးမီအဟောင်းကိုဆပ်ကာ အသစ်ကိုမျိုးစေ့ချနေရ၍ အချိန်တိုင်းနီးပါး ထိုဥစ္စာငွေကြေးတို့ကို ရုန်းကန်ရှာဖွေနေရမြဲ။ ငွေသည် လူ့ဘဝ၌ကျင်လည်နေသ၍ အရေးပါဆုံးအရာတစ်ခုဆိုလဲ မမှား။

လူဆင်းရဲမိသားစုကကလေး ဆဲရင် သိပ်မိုက်ရိုင်းတဲ့ကလေးဟု ပြောဆိုကြသလို လူချမ်းသာမိသားစုကကလေး ဆဲရင် သိပ်စကားတတ်တာပဲဟုပြောဆိုကြသလိုမျိုး ငွေက အရာရာပါပဲ..။

သူ ဒီနှစ်တောအတွင်း ‌‌တစ်ချိန်က သူကူညီခဲ့ဖူးသည့် လူတွေဆီ အလုပ်အကူအညီတောင်းကြည့်ဖူးတယ်။ ထောင်ထွက်ဆိုပြီး နှိမ်ကာ ဝိုင်းထိုးနိမ့်ကြတယ်။

များများကူညီခဲ့ဖူးသူက များများကျေးစွပ်တယ်ဆိုသည့် စကားသိပ်မှန်ပါသည်။
ဘဝက တွေးကြည့်ရင် နေချင်စရာကို မကောင်း။ သူ့ရဲ့ရှင်သန်ဖို့ တစ်ခုထဲသောအ‌ကြောင်းပြချက်က ယခုထက်ထိ အငယ့်အတွက်ကြောင့် ဖြစ်နေပါသေးသည်..။
သို့သော်..သို့သော်..

“ အငယ့်…”

ကျွီ~~ဒုန်း

သူ့အသံသည် ကားလမ်းတစ်ခွင် ကျယ်‌ကျယ်လောင်လောင်ထွက်ပေါ်လာသလို သူ့အသံနှင့်နည်းတူ ဆယ်ဘီးကားကြီးအသံဟာလည်း ထွက်ပေါ်လာသည်။

ဆယ်ဘီးကားကြီးအောက်မှာ အငယ်ဟာ ပုံပျက်ပန်းပျက်..။ အငယ့်သွေးတွေ..။ အငယ့် ဦးနှောက်အပိုင်းအစလေးတွေ..။ အငယ့်ဦးခေါင်းခွံအပိုင်းအစလေးတွေ..။ အို..အငယ်ဟာ ပုံပျက်ပန်းပျက်ပါပဲ..။

သူ့လက်တွေတုန်ရင်နေကာ ငိုဖို့ပင်မေ့လျော့နေပြီး ခန္ဓာကိုယ်တောင်တင်းနေ၏။

အငယ်ဟာ အိမ်ပြန်လမ်းမှာ သူ့ကို နှုတ်ဆက်စကားပင်မပြောသွားခဲ့ပါပဲ မရဏကမ်းသို့ကူးသွားချေသည်။

အငယ်ဟာ နောက်ဆုံးအထိ သူ့ကိုပွေ့ဖက်ငိုယိုဖို့ ခွင့်မပြုခဲ့..။ အဘယ့်ကြောင့်ဆိုသော် အငယ့်ရဲ့ပုံပန်းဟာ သူပွေ့ဖက်ကာ အော်ဟစ်ငိုယိုဖို့မပြောနှင့် သင်္ဂြိုလ်ဖို့တောင် အသားစတွေလိုက်ကောက်နေရသည့် အနေအထား..။
ကိုကြီး ရင်တွေကွဲရတယ် အငယ်..ကိုကြီးရင်တွေ ကွဲရပါတယ် ငါ့ညီမလေးရယ်..။

သူနောက်ဆုံးကတ္တရာလမ်းမအပေါ် ဒူးထောက်ချပြီး ရှုံးပွဲချငိုယိုတော့သည်။ သူ့ကို ဘေးကလူတွေက သနားသလို ငဲ့ကြည့်သွားသော်လည်း သူမမှုနိုင်။ ယောင်္ကျားတစ်ယောက်ကိုတောင် ရှုံးပွဲချငိုအောင်လုပ်နိုင်တဲ့ လောကဓံက အတော်ကိုပင် ကြောက်မက်ဖွယ်ရာကောင်းလှသည်။

သူငိုယိုနေတာကိုငေးကြည့်နေသည့် ဝိဉာဉ်ငယ်လေးကတော့ သူ့ကို ခပ်တိုးတိုးတောင်းပန်နေလေသည်။

“ ခွေးလေး ကားတိုက်တော့မှာမို့ အငယ်သွားကယ်ခဲ့တာပါ ကိုကြီးရယ်..ကိုကြီးကို ဒီလိုဖြစ်စေဖို့ အငယ်မရည်ရွယ်ပါဘူး။ မငိုပါနဲ့ ငါ့အကိုရယ်..မငိုပါနဲ့ “

ငိုကြွေးနေသည့် ဝိဉာဉ်ငယ်လေးဟာ သူ့ရုပ်အလောင်းကို စိုးစဉ်းမျှစိတ်မဝင်စားပါပဲ အစ်ကိုဖြစ်သူအနားတွင်သာ ခပ်တိုးတိုးတောင်းပန်နေလေတော့သည်..။

“အဲ့ကလေးမလေးက ဟိုခွေးပေါက်စလေးကို အစာကျွေးနေတာ..ခွေးပေါက်လေးက ကားလမ်းပေါ်ပြေးသွားပြီး ကားတိုက်ခါနီးမို့ ကယ်ရင်းကနေ ဒီလိုအဖြစ်ဆိုမျိုးကိုကြုံရတာ..သနားစရာကောင်းလိုက်တာ”

“ စိတ်ထားကောင်းတဲ့ကလေးမလေးမှ အဖြစ်ဆိုးမျိုးကြုံရတယ်ကွယ် သနားဖို့ကောင်းလိုက်တာ..”

ဘေးနားမှာ တီးတိုးဆိုသံတွေကို ဒီလှိုင်းကြားနေရသည်။ သို့သော် အာစေးနေသည့်ပါးစပ်ကြောင့်ပြောဖို့အခွင့်မသာချေ။

သူ့ကမ္ဘာပျက်ရပြီ။ သူ့ရည်ရွယ်ချက်တွေ တစ်စစီပျက်သုဉ်းရပြီ။ သူ့ဘဝပျက်ရပြီ။
စိတ်ကျန်းမာရေးအပြည့်အဝကောင်းမနေသူဖြစ်လင့်ကစား တိရိစ္ဆာန်ငယ်လေးအပေါ်ညှာတာထောက်ထားတတ်သည့် အငယ့်ရဲ့ပင်ကိုယ်ဗီဇကိုသိလျက်နဲ့တောင် ထားခဲ့မိတဲ့ကိုယ့်ကိုကိုယ်သာ အပြစ်ဖို့မိတော့သည်။

အငယ့်ရုပ်အလောင်းက ကြာရှည်ထားဖို့ရာ မဖြစ်နိုင်မို့ အငယ့်ကို သူတစ်ရက်အတွင်း သင်္ဂြိုလ်ရသည်။ သူတို့လိုင်းခန်းလေးဟာတော့ ညဘက်တွင် ငိုယိုသံများတိတ်ဆိတ်ပြီး ခြောက်ကပ်ကပ် နာရေးတစ်ခုသာရှိပါတော့သည်။

“ ဤကောင်းမှုကို ကွယ်လွန်သူ ဒကာမလေး လေပြေသွေးသည် ရောက်လေရာ ဘုံဘဝကနေ သာဓုခေါ်ဆိုရန် ဤအိမ်နေရာသို့ ကြွရောက်ပေးပါ..။

ဒကာမလေး လေပြေသွေးနှင့်တကွ အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူလော့မူကြပါ ကုန်လော့ သာဓု သာဓု သာဓု

ဒကာမလေး လေပြေသွေးနှင့်တကွ အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူလော့မူကြပါ ကုန်လော့ သာဓု သာဓု သာဓု

ဒကာမလေး လေပြေသွေးနှင့်တကွ အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူလော့မူကြပါ ကုန်လော့ သာဓု သာဓု သာဓု”

သူရေစက်ခွက်ကိုကိုင်ကာ ခန္ဓာကိုယ်လှုပ်သည်အထိ တုန်တုန်ရင်ရင်ငိုယိုမိပါတော့သည်။

ဒီနေ့ဆို..သူ့ညီမလေး..သူ့တစ်ဦးတည်းသော ကျန်သည့် မိသားစုဝင်က သူ့ကိုအပြီးတိုင်ထားသွားခဲ့လေပြီ..။

ကိုကြီးကြောင့်ပါ အငယ်..ကိုကြီးရဲ့စောင့်‌ရှောက်မှုညံ့ဖျင်းလို့ အငယ်ဒီလိုဖြစ်ရတာ..ကိုကြီးကိုခွင့်မလွှတ်ပါနဲ့အငယ်..။ တစ်နှစ်တာဝန်းကျင်လောက်ပဲ အငယ့်ကိုစောင့်ရှောက်နိုင်ခဲ့လို့ ဖေဖေနဲ့မေမေကို သားတောင်းပန်ပါတယ်။

အငယ်‌ ကောင်းရာဘုံဘဝမှာ အငယ်ချစ်တဲ့ ဖေဖေရယ်၊မေမေရယ်နဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့ ကိုကြီးဆုတောင်းပါတယ် အငယ်..။

အငယ်က ကိုကြီးရဲ့ ထာဝရ ညီမငယ်လေးပါ..။

နောက်ဆုံးတော့ တစ်ကောင်ကြွက် တစ်မျက်နှာနဲ့ ဒီလှိုင်းခက်ထန်..။ သိပ်ချစ်ရသည့် မိသားစုကို အမျှပေးဝေ နေရသည့် ဒီလှိုင်းခက်ထန်သာ လူ့ပြည်မှာထီးထီးကြီးကျန်ခဲ့တော့သည်။
_______________________________
မောင့် နွယ်သာကီ
အပိုင်း(၆)

လက်လှုတ်မှ ပါးစပ်စားရမည့်ဘဝတွေက တကယ်ခါးသည်။ ဖျားနာရင်တောင် ဝမ်းရေးမငတ်ဖို့အတွက် အလုပ်လုပ်ရသည့်အချိန်တွေသည် လူ့ဘဝ၏အခါးသက်ဆုံးအချိန်တွေဖြစ်ပေ၏။

သူတို့မောင်နှမနှစ်ယောက်သည် ငယ်စဉ်ကတည်းက ပြေလည်တဲ့မိသားစုမှာနေခဲ့ရသူတွေမို့ ဒီဘဝတွေက သေချင်စရာကောင်းလောက်အောင်ကို ခက်ခဲလွန်းသည်။
ပင်ပန်းတာအတူတူကို ဘယ်သူပင်ပန်းလဲတော့ နှိုင်းယှဉ်မကြည့်နိုင်တော့။ တစ်ယောက်က စိတ်ကြောင့်ပင်ပန်းသလို..တစ်ယောက်က စားဝတ်နေရေးအဖို့ ရုန်းကန်နေရ၍ ပင်ပန်းသည်။

ဒီလှိုင်း အခုလုပ်နေသည့်အလုပ်သည် ငါးထပ်တိုက်ကို အပေါ်အောက်ဆင်းကာ အုတ်၊သဲ‌၊ကျောက်သယ်ရသည့်အလုပ်ပင်။ အရင်းအနှီးမရှိသည့်သူသည် တတ်သိတဲ့ ကျောက်ပညာနှင့်ကုမ္ပဏီကိစ္စရပ်‌တွေကိုလုပ်ဖို့မဖြစ်နိုင်သောကြောင့် သာမာန်ရွက်ကြမ်းရေကြိုကြုံရာအလုပ်ကို လိုင်းခန်းက အန်တီကြီးမှ သွင်းပေးထား၍သာ ဝမ်းရေးဖူလုံနေရသည်။

ပုဆိုးအပိုင်းကို တောင့်တင်းလှသည့်ပခုံးပေါ်ခေါက်တင်ကာ သဲအိတ်နှစ်အိတ်ကိုဆင့်ပြီး လှေကားအလီလီကို ဖြတ်ကျော်၍ အမြင့်ဆုံးအထပ်သို့ သွားပို့နေသည်။ နေပူပူမို့ အသားညိုညိုမှာ ချွေးတွေကြောင့် ပြောင်လက်နေ၏။ သူ့ပုံစံမှာ‌ ‌‌ ထောင်ထောင်မောင်းမောင်း ထွားထွားကျိုင်းကျိုင်းမို့ ဆိုဒ်မန်နေဂျာ သဘောတွေ့ကာ ပိုခိုင်း၏။ ပိုခိုင်းပေမယ့် လုပ်ခတော့ တန်းတူပဲရသည်။

ဒီအလုပ်တစ်ခုပဲရှိလို့ သူလည်း စောဒက မတက်နေတော့..။

သူညနေနေဝင်ခါနီးတော့ ကားတိုးစီးကာ အိမ်ပြန်လာ၏။ လမ်းထိပ်က ဈေးကိုဝင်ပြီး ဟင်းချက်စရာဝယ်ဖို့လဲ သူမမေ့ချေ..။

“ အဒေါ်ဗျ ဝက်သား‌ ထောင့်ငါးရာဖိုးလောက်ထည့်ပေးပါဗျ"

“ အေးကွယ်”

သူပြန်လာတဲ့အချိန်က ဈေးကွဲချိန်မို့ ထောင့်ငါးရာဖိုးကျော်ကျော်အထိ ဝက်သားအများကြီးရပါသည်။ လယ်ကန်စွန်း နှစ်ရာဖိုး သုံးစည်း သူဝယ်လိုက်ပြီး အိမ်ပြန်လာခဲ့သည်။ တစ်စည်း ငါးရာဖြစ်နေသည့် တရုတ်ကန်စွန်းဘက်တော့ လက်ကိုမလှမ်းနိုင်ခဲ့ချေ။
အရင်ကသိပ်ကြိုက်ခဲ့ဖူးပေမယ့် ခြွေတာနေရသည့်အချိန်မို့ ဟင်းမမယ်မည့် ပစ္စည်းတွေနဲ့ သူပါးစပ်အရသာမခံလို..။

“ ဟာ ကိုကြီးပြန်လာပြီ အငယ့်အတွက်မုန့်ပါလား”

အငယ်က အခုမှငယ်မူပြန်နေသလိုပါပဲ။ ပါးကွက်ဝိုင်းလေးတွေနဲ့ ထွက်ကြိုပြီး မုန့်ပါလား မေးနေသည့် ကလေးပေါက်စနလေး..။
အငယ် မုန့်မေးတိုင်း အရင်ကလို အကောင်းစာကွတ်ကီးတွေ၊ပေါင်မုန့်တွေ မပေးနိုင်လို့ သူ့မှာစိတ်မကောင်းဖြစ်ရသည်။ အခုတော့ nabatiဝေဖာ တစ်ထုတ်ပဲ ‌အငယ့်ကို အဆာပြေကျွေးနိုင်၏။

လုပ်အားခ (၆၀၀၀)မှာ ဈေးဖိုး၊အငယ့်မုန့်ဖိုးနဲ့ ‌သူ့ဆေးလိပ်ဖိုး(၂၀၀၀) ဆန်ဖိုး(၁၀၀၀)သာသုံးပြီး ကျန်(၃၀၀၀)ထောင်ကို ခြေစောင့်လက်စောင့်ထားထားကာ အမြဲစုထားပြီး အငယ်ဆေးခန်းပြတဲ့နေ့ကျ ဆရာကြီးကို ဆရာဝန်ခမပေးနိုင်သော်လည်း ဆေးဖို့တော့ရှင်းနိုင်ပါသည်။

သူ ပြန်ရောက်တာနဲ့ ထမင်းအိုးတည်၊ဟင်းချက် ရေမိုးချိုးကာ တအောင့်တနားနားပြီး မောင်နှမနှစ်ယောက်ထမင်းစားသည်။ ပြီးနောက် သူတစ်နေကုန်ပင်ပန်းထားသမျှ ကျောချပြီး အနားယူသည်။

သူပင်ပန်းလာတာသိလို့ အငယ်က‌ နင်းပေးရမလားမေးပါတယ် သူ့မှာမခိုင်းရက်လို့၊အငယ်စိတ်မကောင်းဖြစ်မှာစိုးလို့ အပြုံးမပျက်နိုင်။ တကယ်တော့ သူအရှုံးပေးချင်လောက်အောင် ပင်ပန်းသည်။ဆေးစာတွေရေးပြီး လူနာကုနေရမည့်လက်တစ်စုံက အုတ်၊သဲ‌၊ကျောက်၊ဘိလပ်မြေများကိုကိုင်ရ၍ အသားမာတက်နေသည့် လက်တစ်စုံအဖြစ်သို့ပြောင်းနေလေပြီ။

ဘဝမှာရင်အနာဆုံးနှင့်နောင်တအရဆုံးကိစ္စရပ်နှစ်ခုရှိ၏။ ပထမသည် အလျင်လိုစွာကားမောင်းခဲ့ခြင်းဖြစ်၍ ဒုတိယသည် စနေဂြိုလ်ထံနှလုံးသားတစ်ခုလုံးပုံအပ်ကာ ချစ်ခဲ့မိခြင်းဖြစ်၏။

အငယ်က အရင်ကလောက်မဆိုးပေမယ့် ညဘက်ဆို ငိုမြဲပါပဲ။ ထို့ကြောင့် သူ့မှာရတုန်း မှေးရသည်။

“ မနက်ဖြန်နေ့လည်ကျရင် ဆရာကြီးဆီသွားဖို့ ကိုကြီး အလုပ်က စောစောပြန်လာခဲ့မယ်နော် ရေမိုးချိုးပြီး စောင့်နေနော် အငယ်"

သူမျက်လုံးမဖွင့်ပဲ အငယ့်ကိုပြောလိုက်သည်။

လက်လှုတ်မှ ပါးစပ်စားရမည်မို့ တစ်နေကုန်အလုပ်မသွားလို့မရချေ။ နေ့ဝက်ခ(၃၀၀၀)တော့ကျွဲလို နွားလိုရုန်းပြီး သွားယူရပါအုံးမည်။

ဒီလှိုင်း အလုပ်မှစောစောပြန်လာပြီး ရေမိုးချိုးကာ ညီမလေးကိုလက်ဆွဲလျက် တစ်မှတ်တိုင်ပဲဝေးသည့်ဆေးခန်းကို ကျန်းမာရေးညီညွတ်စွာ  လမ်းလျှောက်၍သွားလိုက်သည်။ လမ်းမှာမြင်မြင်သမျှ အရာရာတိုင်းကို အငယ်က လက်ညှိုးထိုးကာ အသစ်အဆန်းသဖွယ်မေးနေသည်ကို စိတ်ရှည်လက်ရှည်ရှင်းပြရသေးသည်။ ပြီးနောက် အငယ်ပူဆာသည့်မုန့်များကို ဆေးဖိုးသာချန်ပြီး ရှိရှိသမျှပိုက်ဆံအကုန် မုန့်ဝယ်ကျွေးလိုက်သည်မို့ အငယ်ကပျော်ရွှင်နေပါတော့၏။

ဆေးခန်းရောက်တော့ ဘိုကင်နံပါတ်မကျသေး၍ ထိုင်စောင့်နေသည့်အချိန် ခင်နေသည့်ဆေးကောင်တာမှ ကောင်မလေးတွေနဲ့ အငယ်က ပျော်ပျော်ရွှင်ရွှင်စကားပြောနေ၏။ အငယ်သည် အခုနောက်ပိုင်း သူ့ထက်ငယ်သည့်သူဖြစ်စေ ကြီးသည့်သူဖြစ်စေ ‘မမ၊ကိုကို’ဟုခေါ်ကာ ကလေးလေးတစ်ယောက်သဖွယ် ချွဲနွဲ့နေတတ်သူမို့ ပတ်ဝန်းကျင်ကအားလုံးကလဲ ကလေးလေးတစ်ယောက်လိုအလိုလိုက်  အကြိုက်ဆောင်ပေးတတ်ကြ၏။

ဆရာကြီးရောက်လာတော့ အငယ်ကအ‌စောဆုံးမို့ အရင်ဆုံးဝင်ရ၏။ ဆရာကြီးကိုတောင် ‘အန်ကယ်’ခေါ်ကာ မုန့်ပူဆာတတ်သည့် ညီမငယ်ကြောင့် ဒီလှိုင်းမျက်နှာပူရပါ၏။

“အန်ကယ် အငယ်မှာလိုက်တဲ့မုန့်ရော..”

“အငယ်.."

ဒီလှိုင်းက အငယ့်လက်ကိုခုံအောက်မှကိုင်ကာ ဟန့်တားလိုက်သည်။ သို့သော် ဆရာကြီးကခေါင်းခါပြကာ လွှတ်ထားရန်အချက်ပြသည်။ ပြီးနောက် အိတ်ထဲမှ ပျော့အိအိချောကလက်သကြားလုံးတစ်ဘူးထုတ်ပေးကာ အငယ့်ကိုပေးလိုက်၏။ အငယ်ကပျော်ရွှင်သွားကာ ချက်ချင်းကျေးဇူးတင်ပြီးနောက် ဖောက်စား၏။

“သားဒီလှိုင်း နောက်ဆို ညီမလေးကို မတားပါနဲ့  ကလေးကမပျော်ရွှင်ရတာကြာပြီ မဟုတ်လား..ပန်းအိုးအကွဲတစ်လုံးကိုဆက်သလိုပေါ့.. ပျော်စရာတဒင်္ဂမှတ်ဉာဏ်လေးတွေကိုဆက်ပြီး ပင်ပန်းရတဲ့မှတ်ဉာဏ်ကိုမေ့သွားတဲ့အထိ ကုသမှရမယ် သား..”

“ ကျွန်တော်က ဆရာကြီးကိုအားနာလို့ပါ..”

“ တခြားလူနာကိုလဲ ဆရာဒီလိုပဲကုတာမို့ အားမနာနဲ့သား..”

“ဟုတ်ကဲ့ဆရာ ကျေးဇူးတင်ပါတယ်ဆရာ..”

ဒီလှိုင်းတို့မောင်နှမ ဆေးတွေယူကာ အိမ်သို့လမ်းလျှောက်၍ပြန်မည်ဖြစ်သည်။

Mg'd Nwel Thar Kii (Book version)Where stories live. Discover now