သူ(မ)က အေးအေးဆေးဆေးပဲ ဗလာသပ်သပ်မျက်ဝန်းတွေနဲ့ စိုက်ကြည့်ကာပြော၏။ မအေးဆေးနိုင်တာက သူ..။ သူ့ရင်ထဲမှာ နေဆယ်စင်းတစ်ပြိုင်တည်း ထွက်လာသလိုမျိုး မီးတောင်ကချော်ရည်ပူတွေ
ဆူပွက်လာသလိုမျိုး တအုန်းအုန်း တဒုန်းဒုန်းနှင့်..။

ဖခင်လေ..ကျွေးမွေးထားတဲ့ ဖခင်..။
သိပ်ကိုဂုဏ်ယူရတဲ့ စံပြပုဂ္ဂိုလ်ကြီး..။
ချစ်ကြောက်ရိုသေရတဲ့ လက်ဦးဆရာတစ်ဦး..။

“ အငယ် ဘယ်လိုဖြစ်တယ် ဘာလို့..ဘာလို့များ ဖေဖေက ဆုံးရတာလဲ “

“ လွန်ခဲ့တဲ့(၆)လက ဆုံးတာတဲ့..ဘာလို့လဲတော့ အငယ်တောင်မသိလို့ မမေးနဲ့..”

“ အငယ် နင်ဖအေတစ်ယောက်လုံး သေတာကို မသိရအောင်  ဘယ်သွားပြီး ဘာလုပ်နေလို့လဲ..”

သူ အငယ့်ကိုအော်လိုက်မိ၏။ သူတကယ် အငယ့်ကို စိတ်တိုသွားတာဖြစ်သည်။ သမီးတစ်ယောက်အနေနဲ့ ဒါတာဝန်မဲ့တာမဟုတ်ဘူးလား။

“ အငယ်သိချင်တော့ရော သိရမှာလား..ဖေဖေ့ရက်လည်နေ့မှ သူတို့အိမ်မှာ ပန်းတွေပြန်သွားယူလိုက်လို့ အငယ်သိရတာ ကိုကြီးရဲ့..မိန်းမဖျက်ရင် ပြည်ပျက်တယ်ဆိုတဲ့ စကားကြားဖူးတယ်မလား ကိုကြီး..အေး အဲ့လိုပဲ ဖေဖေကလည်း မိန်းမဖျက်လို့ သားသမီးကိုတောင် စွန့်ပြီး အပျော်ရှာနေတာ မှိုင်းတွေမိနေခဲ့တာ အဲ့တာကြောင့် ကိုကြီးဆီ အငယ် ဒီနှစ်တွေမလာတာ..သူကျတော့ မေမေနဲ့အတူရှာထားတဲ့ စည်းစိမ်တွေပေါ်မှာ သူ့မယားအသစ်နဲ့ ပျော်ပျော်ပါးပါး ကာမစည်းစိမ်ယူနေချိန် သူ့သားသမီးဖြစ်တဲ့ အငယ်တို့က တစ်ယောက်က ထောင်ထဲမှာ တစ်ယောက်က ဘွဲ့တောင်မရသေးပဲနဲ့ အလုပ်တွေလုပ် စားဝတ်နေရေးရှာနေရတယ် ဖြစ်သင့်လား..မေမေရှော့ခ်ရတာလဲ ဖေဖေ့မယားငယ်ကြောင့်ပဲ ဖေဖေကလေ သားကြီး မယားကြီးရှိပါလျက်နဲ့ မယားငယ်နဲ့ကလေးတောင် ကိုးနှစ်ရှိပြီ ကိုကြီးရဲ့..”

“လုပ်ရက်လိုက်တာ..”

သူ အာစေးမိ စွန့်,အ သွားပါသည်။ သူ့ဖခင်လို လူအေး လူရိုးရဲ့နောက်ကွယ်က စရိုက်က ဒီလိုတဲ့လား..အဟက် လောကကြီးက ရယ်စရာကောင်းလိုက်တာကွာ..။

သူမျက်ရည်ကျနေလားဆိုတော့..ဟင့်အင်း..
ဝမ်းနည်းနေခဲ့ပေမယ့် မျက်ရည်ကျစရာလိုလို့လား..ဒီနှစ်တွေအတွင်းငိုရလွန်းလို့ ကျစရာမရှိတာလည်း ဖြစ်နိုင်တယ်။

“ ပိုက်ဆံပဲ ကိုကြီး..ပိုက်ဆံက လူကိုဖျက်တာ..ပိုက်ဆံရှိရင် ငွေမက်တဲ့လူတိုင်းက ကပ်မှာပဲ ပဲ့ပြင်ထိန်းကြောင်းပေးမယ့်မေမေရှိတာ‌တောင်မှ ဒီလိုဖြစ်တော့ မေမေမရှိတဲ့နောက်မှာ ပိုဆိုးသွားတာပဲရှိတယ်..။ ဘယ်တော့မှ ဖေဖေဟာ လူ‌ရိုး လူအ မဟုတ်ခဲ့ဘူး။ အချိန်မတန်‌သေးလို့လက်သည်းဝှက်ထားတဲ့ကြောင်ပဲ..ဘာပဲပြောပြော ကိုကြီး သိသင့်တယ် ထင်လို့ အငယ်လာပြောတာ ဘာလို့ဆို သူက အငယ်တို့ အဖေပဲလေ အဟက်..”

“ အငယ် ဒီနှစ်အတောအတွင်း ဘယ်လိုနေနေလဲ ပင်ပန်းနေပြီလား ငါ့ညီမလေး..”

သူ အငယ့်ကို တောင်းပန်ခယနေသလိုမျိုး ပြောလိုက်ပေမယ့် သူ့မျက်ဝန်းတွေထဲမှာ သူ့ခံစားချက်တွေ အဖြေရှာလို့မရအောင်ပင် ဟိုးအနက်ထဲမှာ ဖြစ်တည်နေကာ အပေါ်ယံ ဗလာကျင်းနေ၏။

“ ဒီလိုပါပဲ ကိုကြီးရယ်..ငယ်ငယ်ထဲက စိန်ကို ထွေခင်းပြီး ကစားလာခဲ့တဲ့ သူတွေမှမဟုတ်တာ..ရေလိုက် ငါးလိုက်ပဲပေါ့..အိမ်မရှိ၊မိဘမရှိ၊ပိုင်ဆိုင်မှုနတ္ထိ..ဘဝဆိုတဲ့ အရသာက ခါးသက်သက်ရယ်ပါပဲ ကိုကြီးရယ် “

သူ အငယ့်ကို အပေါ်အောက်ကြည့်တော့ ကလေးက အရင်ကနဲ့သိပ်မတူတော့..။ အသားနည်းနည်းပိုညိုလာပြီး ‌ပျော့ပျော့ဆင်းဆင်း ဆံပင်တွေက ခြောက်ကပ်နေပြီး ပင်ပန်းနွမ်းနယ်နေဟန်။

အို..ဒီကလေး သိပ်ပင်ပန်းနေမှာပဲ..။

“ ကိုကြီး အသုံးမကျခဲ့တာတွေအတွက် တောင်းပန်ပါတယ် အငယ်..”

“ အို..မလိုပါဘူး ဖြစ်သင့်လို့ ဖြစ်တာပဲ..ဒါသင်ခန်းစာယူဖို့ပါပဲ ကိုကြီးရဲ့..အတိတ်တွေက အနာဂတ်အတွက်သင်ခန်းစာပဲ ရုန်းမထွက်နိုင်ဖို့မှ မဟုတ်တာ..”

“ အင်း..ကိုကြီးကို ပါဆယ်တွေထပ်မပို့နဲ့တော့အငယ်..အငယ်ပဲလောက်ငှအောင်သုံးပါ ကိုကြီးက ယောင်္ကျားပဲ ဖြစ်သလိုနေတတ်ပါတယ်ကွ (၂၁)ရာစုမှာရှင်သန်ဖို့ သိပ်ခက်ခဲတာ ကိုကြီးသိတာမို့ ကိုယ့်ကိုကိုယ်အတွက်ပဲသုံးပါ အငယ်..ပြီးတော့ အလုပ်တွေအရမ်းမလုပ်ပါနဲ့ ကျန်းမာရေးဂရုစိုက် “

“ အင်း..ကျန်းမာရေးဂရုစိုက် ကိုကြီး အငယ့်မှာအားကိုးစရာ ကိုကြီးပဲ ကျန်..တော့တာ”

အဖျားသပ်လေးက တုန်ရီနေသယောင်..။ မျက်ရည်လေးတွေ ဝေ့ဝိုင်းနေသယောင်..။
အငယ် ဝမ်းနည်းတယ်..သိပ်ကိုဝမ်းနည်းတယ်..။

ကိုကြီးကို ဒီအထဲမှာတွေ့ရတာ..ကိုကြီးနဲ့တစ်လွှာခြားပြီး စကားပြောနေရတာတွေက အငယ့်စိတ်ကိုစိစိညက်ညက်ကြေအောင် ထုချေနေသလိုပါပဲကွယ်..။

ဒီထဲက မြန်မြန်လွတ်စေချင်ပြီ ကိုကြီးရယ်..မေမေမရှိတော့တဲ့ အငယ့်ဘဝ..။ ဖေဖေက လှည့်မကြည့်တော့ပဲ ထွက်သွားတဲ့ အငယ့်ဘဝမှာ ကိုကြီးကိုပဲ အားကိုးရတော့မှာမို့..။

“ အင်း..အငယ် ခဏပဲစောင့် ကိုကြီး အငယ့်ကိုကာကွယ်ပေးပါ့မယ်..။ငါ့ညီမလေး ခဏပဲသည်းခံစောင့်ပေးပါ “

သူ အငယ်ပြန်တာ‌ကိုတောင်မစောင့်ဘဲ လှည့်ထွက်လာခဲ့သည်။ သူဘယ်လိုအင်အားနဲ့ အငယ့်အရှေ့မှာ နေရမှာလဲ..။ သူ့လို ယောင်္ကျားသားကို အငယ်က ဒီနှစ်တွေအတွင်းထောက်ပံ့နေခဲ့တာတဲ့..။ အငယ့်ကို အားနာလွန်းလို့ သူရူးသွပ်ချင်မိပါ၏။
ကိုကြီးနဲ့သာ တစ်အူတုံမဆင်းခဲ့ရင် အငယ် ဒီလိုပင်ပန်းမှာမဟုတ်ဘူး…
သူ ကောင်းကင်ကို ထုံးစံအတိုင်း ငေးမောပြီး ဟက်ဟက်ပတ်ပတ် ရယ်မောပြီး အော်ဟစ်မိပါသေးသည်။

“ ရယ်စရာကောင်းလိုက်တာ..ငါ့ကျမှ
ဒါတွေလာဖြစ်ပေးနေတဲ့ ရှိရှိသမျှအရပ်က‌ကောင်တွေရေ ကျေးဇူးပဲ..”

ထိုနေ့က သူ့ကမ္ဘာမှာ မီးတောင်ပြင်းပြင်းပေါက်ကွဲပြီး ပင်လယ်ရေတွေတောင် ဆူပွက်သည်အထိ နေအပူရှိန်ပြင်းခဲ့ပါ၏။

" အချစ်က လိုက်လို့ပြေးတာလား ဪ ပြေးလို့လိုက်တာလား..”

မနက်ကထဲက အချစ်နဲ့ပြေးတိုင်းလိုက်တိုင်း ဆော့တဲ့ သီချင်းကိုဆိုနေသည့် ဧရာဇင်ကို သူနားငြီးလာကာ ဇက်ပိုးကို ဖြောင်းခနဲ အုပ်ချလိုက်ပါ၏။

ဖြောင်း~~

“ အ..နာတယ်ကွ သားကြီးရ “

“ မနက်ကထဲက နားငြီးနေတာ မပြီးနိုင်တော့ဘူးလား..အဲ့လောက်ဖြစ်နေရင် ကိုယ်ကျုံ့ပြီး အိတ်ကပ်ထဲလိုက်သွားချီ “

ဟုတ်တယ်လေ။ ဟိုက လွတ်ငြိမ်းချမ်းသာနဲ့မို့ နောက်တစ်နှစ်တောင်မနေရတော့ပဲ မနက်ဖြန်ဆိုလွတ်ပြီကို သူက ဆွေးလို့ကိုမပြီးနိုင် မစီးနိုင်..။

“ လိုက်လို့ရင် ဘယ်သွားသွားလိုက်ချင်တာပေါ့ဟ..အခုဟာက လိုက်မရလို့ပေါ့ ဟင့် “

“ ရုပ်ကြမ်းကြီးနဲ့ကွာ..ဘယ်တုန်းထဲက ဒီလောက်ထိ အဖြစ်သည်းနေတာလဲ မင်း..”

သူတို့နှစ်ယောက် ပန်းကန်ဆေးကြောနေပြီး တစ်ယောက်နဲ့တစ်ယောက်တွတ်ထိုးနေကြ၏။

“ အချစ်ဦးမို့ရူးရတယ်ကွာ ဒီအထဲကိုရောက်လာမှသူ့ကိုတွေ့ဖူးတာပေမဲ့ သူ့ရဲ့ပုံက အားကိုးချင်စရာကြီး ပြီးတော့ တစ်ကောင်ကြွက်‌ဖြစ်နေတဲ့ငါ့‌အတွက် မှီခိုချင်စရာကြီးကွာ အပေါက်နည်းနည်းဆိုးပေမဲ့ အဲ့အရာတွေကြောင့် သူ့ကိုချစ်မိသွားခဲ့တယ်ကွာ..သူပြန်မချစ်ရင်တောင်မှ ငါကပဲချစ်နေရရုံနဲ့ကျေနပ်တဲ့အထိ စွဲလမ်းသွားတယ်..”

ချစ်ပုံချစ်နည်းအမျိုးမျိုးထဲအနက် ချစ်လျက်နဲ့ မစွန့်လွတ်နိုင်တာက ထုတ်တန်းမှာတပ်ထားတဲ့ကြိုးဆို သူပြန်မချစ်လဲငါရတယ် ဆိုတဲ့အတွေးက လဲကျသွားသည့်ခုံပါပဲ။ အချစ်က လူကိုတိုက်ရိုက်မသတ်ပေမယ့် နှလုံးသားတစ်ခုလုံးကို နလန်မထူနိုင်အောင် အလဲလဲအကွဲကွဲနဲ့ သွယ်ဝိုက်ကာ သတ်တတ်ပါ၏။

“ ဪ..”

“တစ်ဖက်သက်အချစ်ဆိုတာကွာ အ‌..နေတဲ့လူကိုချစ်မိတာနဲ့တူတယ်..။ ငါ့ရဲ့အပြုအမူတွေကို သူမြင်ပါလျက် ကြားပါလျက်နဲ့ ငါ့ကိုစိတ်ချမ်းသာစေမယ့်အရာ တစ်လုံးမှ ထုတ်ပြောမလာတတ်တာမျိုး..ဒါပေမဲ့ ငါကျေနပ်တာပါပဲ.."

နာကျင်စရာကောင်းတဲ့ အချစ်ကို ဒီလောက်အထိထွေးပွေ့ထားတာ လူတွေရူးနေကြတာများလား..။

အို အချစ်က လူတွေကို ရူးရုံမက အရာရာဖြစ်စေတာပါပဲ…
နောက်ဆုံး လူတွေရဲ့ဘဝကိုပဲ အဲ့အချစ်က တက်နင်းတတ်သေးတာရယ်..။
ဧရာ့အပြောကြောင့် သူလည်း တစ်ယောက်သော သူကို လွမ်းမိသလိုတော့ရှိသား..သို့ပေသိ..လွမ်းစရာရှိရင် နာစရာနဲ့‌ ဖြေရမယ်။ သူ့ကြောင့် ဆုံးရှုံးခဲ့တာတွေ။ သူ့ကြောင့် လေလွင့်ဝိဉာဉ်လို သိရက် ကြားရက်နဲ့ ဘာမှမလုပ်ပေးနိုင်တာတွေ အို..ခံပြင်းလွန်း၊နာကျည်းလွန်းလို့ ပြောစရာစကားရှာမရအောင်ပါပဲ..။

သူကတော့ မိခင်ဖြစ်သူရဲ့လင်ပါးသားနဲ့စေ့စပ်ပြီးနိုင်ငံခြားမှာ ပညာတော်သင်ထွက်သွားလေတယ်တဲ့..။ အဲ့တာကြောင့် လာမတွေ့ခဲ့တာ..နေမကောင်းလို့မဟုတ်ဘဲ တမင်သက်သက်ကို လာမတွေ့ခဲ့တာ။
သူ့အကြောင်းတွေးတိုင်း ရင်ဘတ်က တဆစ်ဆစ်ရယ်ပါ..။

အနည်းဆုံးတော့တစ်ခါလောက် ကိုယ်သတ်လိုက်တဲ့သားကောင် သေ၊မသေပြန်လှည့်ကြည့်ပါအုံးလား နွယ်ရယ်..
မင်းကို မောင်မုန်းချင်တယ် နွယ်..
မင်းရဲ့ စနေနက္ခတ်က မောင့်အပေါ်ကျမှပဲ သက်ရောက်လေသလား မောင့်မှာ ဆုံးရှုံးစရာ ကုန်လုနီးပါးပါပဲ နွယ်..ကုန်လုနီးပါးပါပဲ~~
___________________________________
မောင့် နွယ်သာကီ
အပိုင်း(၄)

“ ဟေ့ကောင်ကြီး ဒီလှိုင်း ဒီနေ့မိုးရွာမယ်ထင်လား နေသာမယ်ထင်လား..”

အမြဲတမ်းကောင်းကင်ကိုငေးမောနေတတ်တဲ့ ဒီလှိုင်းက မိုးလေဝသခန့်မှန်းပေးတဲ့ တောက်တဲ့ကိုယ်တော်ချောကဲ့သို့ဖြစ်နေပေ၏။ ဘာရယ်မဟုတ်ဘဲ ဒီလှိုင်းဆီမှာ မိုးလေဝသလာမေးပြီးရင် လျှော်စရာများကိုမလျှော်တော့ပဲ ထားကြတာမျိုးဖြစ်၏။
ဒီလှိုင်း ခပ်ပြုံးပြုံးနှင့် လက်ခါပြပြီး ကျော့မော့နေအောင် ပြင်ဆင်ကာ တာထွက်ရန်အနေအထားအသင့်ကဲ့သို့  ဟန်ရေးပြနေ၏။

“ခင်ဗျားက ဘာလုပ်မလို့တုန်း..”

“ ငါ့ရဲ့ရှည်လျားတဲ့ဆံပင်တွေကိုလျှော်မလို့..”

“ အဲ့တာဆိုရင်တော့ မိုးထစ်ချုန်းရွာမှာ အသေအချာပဲ ဟား ဟား..”

အခုမေးသည့်သူသည် ခေါင်းတုံးနှင့်ဖြစ်ပြီး အမူအရာနဲ့ပြကာ သပ်သပ်မဲ့လာစ နေတာမို့ ဒီလှိုင်းလဲ ရေလိုက်ငါးလိုက် ပြန်စလိုက်၏။

“ မိုးမရွာခိုင်းနဲ့အုံး ငါ့ကောင်ရေ မင်းကိုပိန် အဝတ်တွေလျှော်ထားတဲ့ကွ..အတုတ်ခံရလိမ့်မယ်..”

ကိုပိန်သည် ဒီလှိုင်းကမိုးရွာလိမ့်မယ်ပြောရင် မဟုတ်လောက်ဘူးထင်ပြီး အဝတ်တွေထလျှော်တတ်သည့်သူဖြစ်၏။ တကယ်တမ်းမိုးရွာလာခဲ့ရင် ဒီလှိုင်းနဲ့သူကြီးမှလွဲ၍ တစ်ဆောင်လုံးကို ပတ်ရမ်းတတ်သေး၏။

“ ဒီလှိုင်း သွားလို့ရပြီ “

သူကြီးက ပြောတော့ ဒီလှိုင်း ဟိုလူတွေကို လက်ခါပြပြီးထွက်လာခဲ့သည်။ ဒီနေ့က သူထောင်သက်(၄)နှစ်ပြည့်တဲ့နေ့ နောက်(၃)နှစ်ဆို ဖေဖေရယ် ညီမလေးရယ်နဲ့ သူ့ဘဝကိုပြန်တည်ထောင်လို့ရပြီ..။ သိပ်ချစ်ရတဲ့ မေမေမရှိတော့တဲ့မိသားစုလေးကို သူပြန်နွေးထွေးအောင်လုပ်လို့ရပြီ..။

ဒီနေ့မှ ဧည့်တွေ့လာသည့် လူကများ၏။ ဒီလှိုင်း ‌လူတွေကြားထဲကနေ သူ့မိသားစုရှိရာ ထိုင်ခုံကို ခပ်လောလောရှာနေသည်။ ဧည့်တွေ့သည့်နေရာတွင် ခုံတန်းရှည်နှင့် စားပွဲရှိပြီး ထိုအရာတွေ၏ အရှေ့တွင် အပြင်ဘက်နှင့်ပိုင်းခြားထားသည့် မှန်ကာရံထားပြီး အောက်၌ဇကာပေါက်လေးများသဖွယ် တစ်ဖက်၏အသံကို တစ်ဖက်မှ ကြားရစေရန် ပြုလုပ်ထား၏။

သူ့ပုံစံက ဆယ်တန်းအောင်စာရင်း တိုးဝှေ့ကာကြည့်နေသည့် ဆယ်‌ကျော်သက်ကောင်လေး အသွင်ကိုဆောင်‌၏။

“ အငယ်..”

သူ့ညီမလေးက (၄)နှစ်အတွင်းအတော်ကို ပြောင်းလဲသွားကာ တည်တည်ငြိမ်ငြိမ်ရင့်ရင့်ကျက်ကျက်လေး ဖြစ်လာ၏။ သူခေါ်လိုက်တော့လဲ မျက်လုံးစင်းစင်းလေးတွေနဲ့ ငေးကြည့်လာ၏။

သူ့ပုံစံက ရင်နာစရာတစ်ခုခုကို သယ်ဆောင်လာသည့် လူလိုမျိုး လေးလေးလံလံနှင့်...။

“ ကိုကြီး..”

အသံခပ်ဆွဲဆွဲက လေးလေးလံလံရှိကာ မျက်ဝန်းလေးတွေဟာလည်း မှိတ်ချီပွင့်ချီဖြစ်နေပါသည်။

သူသိလိုက်ပါပြီ ဒါဒီကလေးမ ငိုချင်နေတာ..။

ရင့်ကျက်တဲ့ပုံစံလေးဆိုပေမယ့် သူ(မ)လေးက သူ့ကိုတော့ သိပ်အားကိုးရှာတာ..။

“ အငယ် ဘာဖြစ်လို့လဲ ကိုကြီးကိုပြော “

“ ဖေဖေ ဆုံးပြီ ကိုကြီး..”

Mg'd Nwel Thar Kii (Book version)Onde histórias criam vida. Descubra agora