Part(3) Zawgyi

641 13 4
                                    

အငွေ့တထောင်းထောင်းနှင့် မုန့်ဟင်းခါးရနံ့လေးသည်ပတ်ဝန်းကျင်တွင်ပျံ့လွှင့်နေပြီး ထိုရနံ့လေးကို ရသူတိုင်း စားချင်လောက်အောင်ပင်စွဲဆောင်နေလေသည်။ မနက်ခင်းဈေးချိန် ဖြစ်သောကြောင့် ဈေးလမ်းထိပ်ရှိ ရိပ်ဟူသောမုန့်ဟင်းခါးဆိုင်ကလေးတွင် လက်မလည်အောင်ပင်စည်ကားနေလေသည်။

'' ဟဲ့ ကောင်လေး တိမ်ရိပ် နင့်မရီးကမွေးတော့မှာဆို နင်ကဆိုင်ထွက်တုန်းလား ´´

ဘေးဆိုင်မှ အဒေါ်ကြီး၏ အသံသည် မုန့်ဟင်းခါးပွဲပြင်နေသည့်ရိပ်ထံသို့ ပျုံ့နှံ့လာလေသည်။

'' ဟုတ်တယ် ဒေါ်ဒေါ်ရဲ့ အဲ့ဒါကြောင့် ဒီနေ့တစ်နေ့ပဲရောင်းတော့မှာ။ မနက်ဖြန်ကစပြီးဆိုင်ပိတ်ထားမှာ။ မမဝတီ ကနောက်တစ်ပတ်မှမွေးဖို့ရက်ချိန်းထားပေမဲ့ ရက်ပိုင်းဆိုတော့ပြောမရတာနဲ့ဒီနေ့ တစ်နေ့ပဲဈေးထွက်တော့မှာ။ ကိုကိုကြီးရောပဲလေ မနက်ဖြန်ကစပြီး အလုပ်ကခွင့်ယူထားတယ်။ပြီးတော့မမ ဝတီက ခေါင်းက မာမာရယ် စိတ်မြန်၊ လက်မြန်ကလည်းရှိတော့ ဂရုစိုက်ရတယ်ဒေါ်ဒေါ်ရဲ့။ ´´

''အေးအေး မွေးခါနီး ဖွားခါနီး ဆိုတော့ပိုဂရုစိုက်ပေါ့အေ။ နင့်မရီး ပုံစံလေးကြည့်ရတာသေးသေးလေးနဲ့ ပျော့မဲ့ပုံလေး အနားမှာ တစ်ယောက်မဟုတ် တစ်ယောက်အဖော်လေးရှိပေးတော့ သူလည်းအားမငယ်ရတော့ဘူးပေါ့အေ ။ စိတ်ချရတာပေါ့။ ´´

'' ဟုတ်ကဲ့ပါဒေါ်ဒေါ် ။ ဒီမှာရပြီနော် ဒေါ်ဒေါ့်အတွက်´´

တိမ်ရိပ် မုန့်ဟင်းခါးထုပ်လေးအား မြှောက်ပြပြီးပြောလိုက်လေသည်။

''အေးအေး ကျုပ်လာယူပါ့မယ် ချထားချထား လုပ်စရာရှိတာသာ လုပ်´´

တိမ်ရိပ်ပြုံးပြုံးကလေးသာ ခေါင်း ညိတ်ပြလိုက်ပြီး လုပ်လက်စ အလုပ်များကိုဆက်၍ လုပ်နေလေသည်။
ဒီကနေ့ အလုပ်တွေသာ တောက်လျှောက် လုပ်နေရပေမဲ့ တိမ်ရိပ်ရင်ထဲလေးလံနေလေသည်။ ဘာရယ်ကြောင့်မှန်းမသိ စိတ်ထဲတွင် ကိစ္စတစ်ခုခု ဖြစ်တော့မည့်အတိုင်း လေးလံနေပါသည်။တိမ်ရိပ် သက်ပြင်း ကလေးသာ အသာချပြီး ခေါင်းကလေးကို ခါထုတ်လိုက်ကာ လေးလံနေသောစိတ်တို့ကိုဖယ်ထုတ်လိုက်ရင်း မုန့်ဟင်းခါးပွဲပြင်ရန်သာ လက်လှမ်းလိုက်လေသည်။

You've reached the end of published parts.

⏰ Last updated: Feb 20, 2023 ⏰

Add this story to your Library to get notified about new parts!

My Dear YateWhere stories live. Discover now